နေပြည်တော် ၃၀ ဩဂုတ်
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ ကော်မတီဝင်များမှ အဓိက တင်ပြရမည့် အချက်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ အသေးစိတ်စီမံချက်ပါ လုပ်ငန်းတာဝန်များကိုရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လှယ်များ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများ၊ အသင်းအဖွဲ့များနှင့်အဖွဲ့အစည်းများကအသေးစိတ်စီမံချက်ပါ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကိုအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


