နေပြည်တော် ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့်ကျင်းပရာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ ကလေးလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်(၉) ခုတွင် ကလေးလုပ်သားဆိုင်ရာစစ်တမ်းကို ကောက်ယူ၍ စစ်တမ်းအစီရင်ခံစာများကို အမျိုးသားကော်မတီသို့ တင်ပြပြီးစီးမှု၊ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် (Mini Budget)တွင် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ကလေးလုပ်သား ဆိုင်ရာစစ်တမ်း ကောက်ယူနေမှုနှင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် အမျိုးသားကော်မတီသို့ စစ်တမ်းအစီရင်ခံစာတင်ပြနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးပြီး ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် စစ်တမ်းကောက်ယူရန်ကျန်ရှိနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် လုပ်ငန်းအချိန်ဇယားရေးဆွဲ၍ နေပြည်တော်ရှိ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီသို့ ပေးပို့တင်ပြကြရန်နှင့် တိုင်းဒေသကြီး / ပြည်နယ်များက စစ်တမ်းကောက်ယူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းကော် မတီအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ်က စစ်တမ်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကောက်ယူခဲ့ သောလုပ်ငန်း အမျိုးအစားများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက စစ်တမ်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်


