နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး နေပြည်တော်ရှိ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီး ကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက် ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌက ကလေးသူငယ်များကို လုပ်ငန်းခွင်၌ ဆောလျင်စွာ အသုံးချပါက ၎င်းတို့၏ အသက် မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများဆုံးရှုံးနိုင်ပြီး တန်ဖိုးရှိသော လူငယ်လူရွယ်ဖြစ်မည်ကို အဟန့်အတား ဖြစ်စေသည့်အပြင် ကလေးအလုပ်သမား အသုံးပြုခြင်းသည် နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်များကို ဆုံးရှုံးစေသောအကြောင်းအရင်းတစ်ခုပင် ဖြစ်ကြောင်း၊ ထို့ပြင် ကလေးသူငယ် များသည် စီးပွားရေး အရ အလုပ်အကိုင်များကို လုပ်ကိုင်နေရပြီး ထိုလုပ်ကိုင်မှုအပေါ် နည်းမျိုးစုံဖြင့် အမြတ်ထုတ်ခံ ရခြင်း၊ အချိန်မတိုင်မီ ကျောင်းထွက်ရခြင်း၊ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုဖြစ်ရပ်များမှ ကာကွယ်စောင့်ရှောက ရန်အတွက် ကလေးအလုပ်သမားဆိုင်ရာ အခြေခံအသိပညာနှင့် ဗဟုသုတများ ပြန့်ပွားစေရန် အသိပညာပေးခြင်း၊ နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ ဥပဒေများ ပြင်ဆင်ပြဌာန်းပေးရန် တင်ပြခြင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဥပဒေရေးရာလုပ်ငန်းကော်မတီက လုပ်ကိုင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလတို(၅)နှစ် လုပ်ငန်းစီမံချက်(၃)ကြိမ်ဖြင့် ကာလရှည်(၁၅)နှစ် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ် သမားပပျောက်ရေး လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး တက်ရောက်လာကြသူများမှ တက်ညီလက်ညီ ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ပဥ္စမအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေး မှတ်တမ်းကို အတည်ပြုခြင်း၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်က ပဥ္စမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဒုတိယငါးနှစ် လုပ်ငန်းစီမံချက်(၂၀၂၄-၂၀၂၈) ရေးဆွဲ ထားရှိမှုတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများနှင့် အကြံပြုချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးက ဆဋ္ဌမအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်(၅)ချက်ကို ရှင်းလင်းတင်ပြကာ အတည်ပြုချက်ရယူကာ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)