နေပြည်တော် ဇူလိုင် ၄
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လူငယ်ရေးရာ ဦးစီးဌာနအနေဖြင့် နိုင်ငံတော်မှ ချမှတ်ပေးထားသော မူဝါဒ (၇) ရပ်၊ ရည်မှန်းချက် (၇) ရပ်၊ လုပ်ငန်းစဉ် (၁၀) ရပ်တို့နှင့်အညီ လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် အဖွဲ့ဝင်အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀) ၏ မဟာဗျူဟာများ၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့် ချိတ်ဆက် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအစည်းအဝေးမှ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍများ၊ အာဆီယံတွင် လူငယ်ရေးရာ ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသည့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေး၊ အတွေးအခေါ် မှန်ကန်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ခြုံငုံသုံးသပ် ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်