နေပြည်တော် နိုဝင်ဘာ ၁
မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်း အဆိပ်အတောက်ဖြစ်စေသော ညစ်ညမ်းဓာတုပစ္စည်းများပါဝင်မှု ဆန်းစစ်လေ့လာခြင်း (MLC – Toxic) စီမံကိန်း၏ Final Completion Workshop ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ KMA Hotel ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက MLC-Toxic စီမံကိနစ်းကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်း၏ အဓိကရည်ရွယ်ချက် အနေဖြင့် မဲခေါင်မြစ်ဝှမ်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများမှထွက်ရှိသည့် အဆိပ်အတောက်ဖြစ်စေပြီး အလွယ်တကူ ခြေဖျက်မရနိုင်သော အော်ဂဲနစ် ညစ်ညမ်းပစ္စည်းများ (POPs) ပါဝင်နေမှုကို လေ့လာဖော်ထုတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ နှိုင်းယှဉ်လေ့လာ အကြံပြုနိုင်ရန်ဖြစ်ကြောင်း။
သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေပြီး ကြာရှည်စွာ မပျောက်မပျက် တည်မြဲနေနိုင်သည့် အော်ဂဲနစ်ဓာတုပစ္စည်း အမျိုးအစားများဖြစ်သည့် POPs ပိုးသတ်ဆေးများကို တရားမဝင် မှောင်ခိုတင်သွင်းခြင်း၊ ပိုးသတ်ဆေးအတုများကို အခြားနိုင်ငံများမှ မှာယူရောင်းချခြင်းများ၊ တားဆီးကာကွယ်ရန်လိုအပ်သည့်အပြင် ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုအန္တရာယ် ကျရောက်နိုင်မှု အနည်းဆုံးဖြစ်စေရန် ဘေးကင်းပြီး ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် သုတေသနများပြုလုပ်ပြီး နည်းလမ်းကောင်းများကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်ကြောင်း။
မဲခေါင်မြစ်နှင့် မြစ်လက်တက်များ၏ ရေဝေရေလဲဧရိယာများ ထိန်းသိမ်းခြင်းနှင့် ရေအရည်အသွေး ဆန်းစစ်လေ့လာမှု လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံအတွက်သာမက မဲခေါင်ဒေသတွင်း နိုင်ငံအားလုံးအတွက် အလွန်အရေးပါသော အခန်းကဏ္ဍဖြစ်ကြောင်း၊ အထူးသဖြင့် ပိုးသတ်ဆေး ဓာတ်ကြွင်းများ ပါဝင်နေမှုကို ဆန်းစစ်လေ့လာဖော်ထုတ်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်ဆန်းစစ် သုတေသနပြု လေ့လာရန်လိုအပ်ကြောင်း၊ စီမံကိန်းရှိ သုတေသီများကို ရေအရည်အသွေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများတွင် စွမ်းဆောင်ရည် မြင့်မားလာစေရန် အလေးထား ဆောင်ရွက်စေခဲ့ကြောင်း၊ စီမံကိန်းကာလ ပြီးစီးသော်လည်း မဲခေါင်ဒေသတွင်း နိုင်ငံများအကြား အသိပညာမျှဝေခြင်း လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်တောဦးစီးဌာနတွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း(၄)ခုမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု ပိုစတာများပြသထားမှုကို ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ်အလိုက် အလေးထားလုပ်ဆောင်ရမည့် အချက်များ လမ်းညွှန်မှာကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သုတေတီများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး၊ စီမံကိန်းဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ရှိ သစ်တောဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သတ္တုတွင်း လုပ်ငန်းဌာနများမှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်