နေပြည်တော် ၊ ဩဂုတ်  ၂၄ 

 

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်၏ (၇/၂၀၂၂) ကြိမ်မြောက်အစည်အဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က အရင်းအနှီးဈေးကွက် (Capital Market)သည် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကအရေးပါသည့် မောင်းနှင် အားတစ်ခုဖြစ်၍ နိုင်ငံအသီးသီးက အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစား ပေးဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ အရင်း အနှီးဈေးကွက်အတွက် မရှိမဖြစ်လိုအပ်သည့် ရန်ကုန်စတော့အိပ်ချိန်း (Yangon Stock Exchange – YSX ) ကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ စာရင်းဝင်ကုမ္ပဏီ (၇) ခု၏ ရှယ်ယာများအား နေ့စဉ် ရောင်း/ဝယ်လျက်ရှိကြောင်း။

 

တစ်ဖက်တွင်လည်း ငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒုတိယ ဈေးကွက်(Secondary Market)ကို ထူထောင်ဆောင်ရွက်ခဲ့ရာ ယင်းဈေးကွက်တွင် အစိုးရ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရင်းနှီးမြှုပ်နှံ လျက်ရှိကြောင်း၊ သို့ရာတွင် မိမိတို့နိုင်ငံ၏အရင်းအနှီးဈေးကွက်တွင် ပါဝင်ရင်းနှီးမြှုပ်နှံသူ နှင့် အရင်းအနှီးစုဆောင်းသူများမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းနေသေး သည်ကို တွေ့ရကြောင်း။

 

အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများတိုးတက်လာစေရေးသည် အဓိကအရေးကြီးသည့်အပြင် အရေအတွက်တိုး လာသည်နှင့်အမျှ အရည်အသွေးကောင်းမွန်ပြီး ခိုင်မာသည့် အများပိုင်ကုမ္ပဏီများ ဖြစ်ရန်လည်း လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံသူပြည်သူများအနေနှင့် မိမိတို့၏ စုဆောင်းငွေများကို ရန်ကုန်စတော့အိပ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ် ယာများကို ဝယ်ယူ/ရောင်းချခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်မည့် အခွင့်အရေးနှင့် အခွင့်အလမ်းများ၊ ပိုမိုရရှိလာမည်ဖြစ်ကြောင်း။

 

အများပိုင် (အများပြည်သူထံမှ ရှယ်ယာခေါ်ယူ၍) ကုမ္ပဏီအဖြစ် လုပ်ကိုင်ကြသူ နည်းပါးသဖြင့် စာရင်းဝင် အများပိုင်ကုမ္ပဏီများဖြစ်လာစေရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို  စဉ်ဆက်မပြတ်ဖြန့်ဝေပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ကြ ရန်လိုကြောင်း၊ စတော့အိပ်ချိန်းသည် အများပိုင်ကုမ္ပဏီများကို စာရင်းဝင်ကုမ္ပဏီ အဖြစ်လက်ခံ၍ ယင်းတို့၏ ရှယ်ယာများကို လက်ခံရောင်းဝယ်ပေးခြင်းဖြစ်၍ လုပ်ငန်းရှင် များအနေဖြင့် ဘဏ်ချေးငွေအပေါ်တွင်သာ မှီခိုနေခြင်းမပြုဘဲ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ကြပြီး နိုင်ငံတကာစံချိန်စံညွှန်းမီ လုပ်ဆောင်ခြင်းဖြင့် စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရန် ကော်မရှင်အနေဖြင့် ဆောင်ရွက် သင့်သည်များကို မျက်ခြည် မပြတ် သုံးသပ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း။

 

စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာစေရေးရည်ရွယ်၍ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် အကြိုဈေးကွက် (Pre Listing Board – PLB) ကို ဒုတိယဈေးကွက်အဖြစ် ထူထောင်ခွင့်ပြု ထားပြီးဖြစ်ရာ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လက်ရှိစာရင်းဝင်စံသတ် မှတ်ချက်များကိုလျှော့ချပြီး အနည်းဆုံးလိုအပ်ချက်များဖြင့် စာရင်းဝင်အကြိုဈေးကွက်တွင် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ စာရင်းဝင်အကြိုဈေးကွက်မှတစ်ဆင့် စာရင်းဝင်ကုမ္ပဏီများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် (Secondary Bond/Bill Market) ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဈေးကွက်တွင်ပါဝင်ပါတ်သက်သူ Stakeholder များနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မရှင်အတွင်းရေး မှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

လက်ရှိတွင် ရန်ကုန်စတော့အိပ်ချိန်း၌ စာရင်းဝင်ထားသော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ(၇)ခု၏ ရှယ်ယာများကို ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (၆)ခုမှတစ်ဆင့် ရောင်းဝယ် လျက်ရှိပြီး၊ အဆိုပါ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများတွင် စာရင်းဖွင့် လှစ်ထားသူ ဦးရေမှာ (၄၄,၈၀၉) ဦးရှိကာ တစ်နှစ်တိုးတက်မှုနှုန်း ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်းနှင့် စာရင်းဝင်ကုမ္ပဏီ (၇)ခု၏ ဇူလိုင်လကုန်ရှိ ဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ငွေကျပ် (၅၈၁ ဒသအ ၅၁၅) ဘီလီယံရှိကြောင်း သိရသည်။

(သတင်းစဉ်)