ရန်ကုန် ၂၅ ဩဂုတ်
မြန်မာနိုင်ငံ ငလျင်ကော်မတီ နှစ်(၂၀)ပြည့် အခမ်းအနားကို ယနေ့နံနက်(၉) နာရီက ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအသင်းချုပ်ရုံး၊ Function Hall ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် နှစ်စဉ်နှစ်တိုင်း လူ့အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးဆုံးရှုံးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအတော်များများ ရေကြီးရေလျှံခြင်း၊ မြေပြိုတောင်ပြိုခြင်းများဖြစ်ခဲ့ပြီး အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့အပြင် နောက်ထပ်ဘေးအန္တရာယ် တစ်ခုဖြစ်သည့် ငလျင်ဘေးအန္တရာယ်ကြောင့်လည်း အဆောက်အအုံ၊ လမ်းတံတား၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများ ပျက်စီးဆုံးရှုံးသည်ကိုလည်း မှတ်တမ်းများအရ သိရှိနိုင်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနြေဖင့် အဆောက်အအုံများ သဘာဝဘေး အန္တရာယ်ဒဏ် ခံနိုင်ရည်ရှိစေရန်အတွက် လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး စသည့် ဘေးဒဏ်များခံနိုင်သည့် အဆောက်အအုံ ဒီဇိုင်းများပါဝင်သော မြန်မာနိုင်ငံ အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ နည်းဉပဒေကို သက်ဆိုင်ရာ ပညာရှင်များနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ရေးဆွဲလျက်ရှိရာ ယခုဆိုလျှင် တရားဝင် ထုတ်ပြန်ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။
အလားတူ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပမှ တက္ကသိုလ်အဖွဲ့အစည်းများနှင့် ငလျင်လှုပ်ခတ်မှုကို စောင့်ကြည့်လေ့လာသည့် စခန်းများကိုလည်း မြန်မာနိုင်ငံအတွင်း ငလျင်လှုပ်နိုင်ချေများသည့် နေရာများတွင်တပ်ဆင်ပြီး အမြဲမပြတ်စောင့်ကြည့်လေ့လာလျက်ရှိပါကြောင်း၊ ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ငလျင်မလှုပ်မီ ထိခိုက်ပျက်စီးမှု လျော့နည်းစေရန် ကြိုတင်ဆောင်ရွက်ထားသင့်သည်များ၊ ငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက ဘေးကင်း စေရန် ပြုမူနေထိုင်ရမည့်နည်းလမ်းများနှင့် ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရမည့် အရာများစသည်ဖြင့် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများကို လျှော့ချရန်အတွက် မြန်မာနိုင်ငံ ငလျင်ကော်မတီက ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် လိုအပ်သလို ပူးပေါင်းဆောင်ရွက် သွားပါမည်ဟု ဆန္ဒပြုရင်း နှစ်ပေါင်း (၂၀)သက်တမ်းရှိပြီဖြစ်သည့် မြန်မာနိုင်ငံငလျင်ကော်မတီအတွက် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုကြီးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ Patron ဒေါက်တာ ဦးသိန်းက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်မှုနှင့် ငလျင်ဆိုင်ရာနည်း ပညာရှင်များ၏ ဆောင်ရွက်မှု၊ မြန်မာနိုင်ငံငလျင်ကော်မတီ ဖွဲ့စည်းရာတွင် ပူးပေါင်းပါဝင် မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံငလျင်ကော်မတီမှ ငလျင်ဆိုင်ရာသုတေသန လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ Video Clip ဖြင့် ပြသသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်အတိုင်း ပညာရှင်များ၊ တက်ရောက် လာသူများက ငလျင်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ရှင်းလင်းဆွေးနွေးကြ ခဲ့ကြသည်။
မြန်မာနိုင်ငံငလျင်ကော်မတီသည် ၁၉၉၉ ခုနှစ် မှစတင်၍ မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်များ လျော့ပါးသက်သာစေရေးအတွက် ငလျင်ဆိုင်ရာသုတေသန လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် နှစ်(၂၀)ပြည့်ခဲ့ပြီ ဖြစ်သည်။ ယနေ့အခမ်းအနားသည် ငလျင်ဆိုင်ရာ သုတေသန လုပ်ငန်းများကို အစိုးရဌာနဆိုင်ရာများနှင့် ပညာရှင် အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရည်ရွယ်၍ ပညာရှင်များပါဝင်ဆွေးနွေး ခြင်း ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)


