နေပြည်တော် ဇွန် ၁၃

မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Center for Disease Control and Medical Training Center) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါ ဗဟိုဌာနနှင့် သင်တန်းကျောင်း အဆောက်အအုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး​ကောင်စီ ဥက္ကဋ္ဌ နိုင်ငံ​တော်ဝန်ကြီးချုပ် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ် ပေးသည်။

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး၊ China CDC မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ China CDC မှ Deputy Director General ဒေါက်တာလီချွင်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းတို့က မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီ ဥက္ကဋ္ဌ နိုင်ငံ​တော်ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း အဆောက်အအုံကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်း

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း ကမ္ပည်းမော်ကွန်း ကြေးပြားကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြ သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့သည် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းရှိ CDC ပြခန်းငယ်၊ မြေညီထပ်ရုံးခန်းများ၊ အစည်းအဝေးခန်းများ၊ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကွပ်ကဲရေးဗဟိုဌာန၊ ဇီဝလုံခြုံမှုအဆင့် ဓာတ်ခွဲခန်းများ၊ နည်းပညာသုံး ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးစနစ် ဆောင်ရွက်သည့်အခန်းနှင့် သင်တန်းသား အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုကြသည်။

အဖွင့်အမှာစကားပြောကြား

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ အဆောက်အအုံအတွင်းရှိ Theatre ခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်​ရေး​ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို လူမှုရေးဦးတည်ချက်တွင် ထည့်သွင်းချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော အခြေခံကျပြီး အရေးပါသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်မီစွာဖြင့် စွမ်းရည်ပြည့်ဝသော ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း။

စီမံထိန်းချုပ်ဆောင်ရွက်နိုင်

ကမ္ဘာ့နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များ၊ ကပ်အသွင် ဖြစ်ပွားသည့် ကူးစက်ရောဂါများကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှု၊ ၂၀၂၃ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း မိုခါကဲ့သို့ သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ခဲ့ရကြောင်း၊ ထိုသို့ ကြုံတွေ့ရာတွင် ကြိုတင် ပြင်ဆင်ခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်စီမံခန့်ခွဲမှု၊ ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဟန်ချက်ညီညီ အောင်မြင်စွာ စီမံထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ လူများရွှေ့ပြောင်းသွားလာနေထိုင်မှုနှင့် ပြောင်းလဲလာသည့် လူနေမှုဘဝပုံစံကြောင့် ကမ္ဘာတစ်ဝန်းတွင် တိရစ္ဆာန်များမှတစ်ဆင့် စတင်ကူးစက်ဖြစ်ပွားသည့် ကူးစက်ရောဂါများ အပါ အဝင် ကူးစက်ရောဂါအသစ်များ ဖြစ်ပွားခြင်း၊ ယခင်ကတည်းက ရှိနေသည့် ကူးစက်ရောဂါများ ပြန်လည်ခေါင်းထောင်ပြီး ဖြစ်ပွားခြင်းများလည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ယင်းကဲ့သို့ ပြဿနာများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ပြဿနာများကို ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည် မြင့်မားရန်နှင့် ဆန်းသစ်သည့် နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင် ရန် လိုအပ်ကြောင်း။

ပြည်သူ့ကျန်းမာရေးလုံခြုံမှုနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကမ္ဘာ့နိုင်ငံများအနေဖြင့် အားကောင်းခိုင်မာပြီး အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး အဖွဲ့အစည်းများရှိရန် အရေးကြီးသည်ကို သတိပြုမိခဲ့ကြကြောင်း၊ ထို့ကြောင့် ကျန်းမာရေးအဖွဲ့ အစည်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများတွင် Centers for Disease Control and Prevention- CDC ဟုခေါ်သည့် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနများ ဖွင့်လှစ်တည်ထောင်ကြပြီး ရောဂါနှိမ်နင်းရေး လုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်လာကြကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေးနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးဗဟိုဌာန တစ်ခုထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ ချစ်ကြည်ရေး သင်္ကေတအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ကူညီတည်ဆောက်ထူထောင် ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့်သင်တန်းကျောင်း စီမံကိန်းကို တရုတ်ယွမ်ငွေ သန်း ၃၃၀ ခန့်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ယခုကဲ့သို့ အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ Myanmar CDC Center ထူထောင်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး တိုးတက်အောင် ဆောင်ရွက်သွား နိုင်တော့မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ အစီအမံများကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင် မည်ဖြစ်ကြောင်း။

ယခု ဌာနကြီးကို ဗဟိုပြု၍ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ထိန်းချုပ်နိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း၊ ကူးစက်ရောဂါများအတွက် မရှိမဖြစ်လိုအပ်သည့် ဓာတ်ခွဲခန်း ဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များနှင့် ဦးစားပေး ပြည်သူ့ကျန်းမာရေး ပြဿနာများကို ဖြေရှင်းရာတွင် ပံ့ပိုးပေးနိုင်ခြင်း စသည်တို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါများ ဖြစ်ပွားလာပါကလည်း ရောဂါပိုးမွှားများ၏ မျိုးရိုးဗီဇနှင့် သဘောသဘာဝများကို မိမိတို့နိုင်ငံ အတွင်း၌ ဓာတ်ခွဲစမ်းသပ်ဖော်ထုတ်နိုင်မည်ဖြစ်၍ ယင်းကူးစက်ရောဂါကို အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ်ထိန်းချုပ် တုံ့ပြန်ဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ် တစ်ခုခု ကျရောက်ခဲ့ပါက ယခုဌာနကို အခြေပြု၍ ဗဟိုအဆင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးဌာန တစ်ခုအဖြစ် ဌာနအတွင်း တပ်ဆင်ထားသည့် ကွန်ပျူတာသုံး ပထဝီ သတင်းအချက်အလက် စနစ် (GIS)၊ ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် (GPS)စနစ်များကို အသုံးပြုပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အစားအစာ လုံခြုံမှုဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများနှင့်ဆက်စပ်သည့် အဆင့်မြင့် ဓာတ်ခွဲခန်းများကိုလည်း ထည့်သွင်းဆောင်ရွက် သွားမည်ဟု သိရှိရကြောင်း၊ ထို့ကြောင့် ယနေ့ဖွင့်လှစ်သည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းသည် ကပ်ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင်သည့်၊ သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ညှိနှိုင်းကွပ်ကဲ တုံ့ပြန်ဆောင်ရွက်နိုင်မည့်၊ သုတေသန လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်မည့်၊ တစ်နေရာတည်းတွင် တစုတစည်းတည်းဖြင့် ဘက်စုံကဏ္ဍစုံမှ ဆောင်ရွက်ပေးနိုင်မည့် ဗဟိုဌာနကြီး ဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိ အသုံးဝင်မည်ဖြစ်ကြောင်း။

ထူးခြားချက်အနေဖြင့် ယနေ့ ဖွင့်လှစ်လိုက်သည့် Myanmar CDC သည် ရောဂါထိန်းချုပ်ရေး ဗဟိုဌာနအပြင် ပြည်သူ့ကျန်းမာရေးသင်တန်း အဆောက်အအုံပါ ပူးတွဲတည်ဆောက်ထားသည့်အတွက် အရည်အသွေးပြည့်မီသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများ ပို့ချပေးနိုင်မည်ဖြစ်သည့်အတွက် အရည်အသွေး မြင့်မားသည့် မျိုးဆက်သစ် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလာနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည်တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနကို သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို မိမိတို့နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြည့်စုံအောင် ဖွဲ့စည်းဆောင်ရွက်ထားသည်ကိုလည်း သိရှိရကြောင်း၊ ယခုဖွင့်လှစ်သည့် ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနတွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများအနေဖြင့် ဇီဝလုံခြုံမှုအဆင့်မြင့်မားပြီး ကူးစက် ပြန့်ပွားလွယ်သည့် ရောဂါပိုးများကို ဓာတ်ခွဲစမ်းသပ် လေ့လာသည့် ဇီဝလုံခြုံမှုအဆင့် (၃) ရှိသည့် တုပ်ကွေးရောဂါ ဓာတ်ခွဲခန်း၊ ဇီဝ လုံခြုံမှုအဆင့် (၂) ရှိသည့် ဗိုင်းရပ်စ် ပိုးဓာတ်ခွဲခန်း၊ ဗက်တီးရီးယားပိုးမွှား ဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှုအဆင့် (၁) ရှိသည့် အစားအစာအဏုဇီဝ ဓာတ်ခွဲခန်း၊ ရောဂါပိုးမွှား ကင်းစင်သည့် ဓာတ်ခွဲခန်း စသည့်ဓာတ်ခွဲခန်းများစွာပါဝင်ပြီး ယင်းဓာတ်ခွဲခန်းများက ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ အထောက်အကူပြု ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

လက်တွေ့စမ်းသပ် ဆောင်ရွက်မှုများ ပြုလုပ်

ဓာတ်ခွဲခန်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ကျွမ်းကျင်ပညာရှင် ၃၅ ဦးကိုလည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ် ရေးဗဟိုဌာနသို့ စေလွှတ်ပြီး (၆) လကြာ စာတွေ့၊ လက်တွေ့ လေ့ကျင့် သင်ကြားစေခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်ပြီးသည့် နောက်တွင်လည်း တရုတ်ပညာ ရှင်များနှင့်အတူ လက်တွဲပြီး လက်တွေ့စမ်းသပ်ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်သည်ဟု သိရှိရကြောင်း၊ ဓာတ်ခွဲခန်းများ၏ စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ပတ်ဝန်းကျင်ကို ဘေးအန္တရာယ် မရှိစေရန် ရေဆိုးသန့်စင်စနစ်၊ မီးရှို့စနစ်များ ပါရှိပြီးဖြစ်သည့်အတွက် နောက်ဆက်တွဲအန္တရာယ် ကာကွယ်မှုများ ပါဝင်သည်ဟု သိရှိရကြောင်း၊ ရောဂါနှိမ်နင်းရေး အဆောက်အအုံ၏ အုပ်ချုပ်မှုဆောင်တွင်လည်း ပြည်သူ့ကျန်းမာရေး အရေးပေါ် ကွပ်ကဲမှုစင်တာနှင့် အစည်းအဝေးခန်းမများ၊ GIS/GPS စနစ်ကို အခြေခံအသုံးပြုထားသည့် ရောဂါစောင့်ကြပ်ကြည့်ရှုသည့်စနစ်များ ပါရှိပါကြောင်း၊ ယခုဗဟိုဌာနကြီးတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့်ဆိုင်သည့် အောင်မြင်မှုမှတ်တမ်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသည့် ကူးစက်ရောဂါများ ကင်းစင်ပပျောက်မှု သမိုင်းမှတ်တိုင်များ၊ နိုင်ငံတကာမှ ချီးမြှင့်ခဲ့သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းများ၊ ဆုတံဆိပ်များ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ နှင့်ပတ်သက်၍ အောင်မြင်စွာ ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှုများ၊ သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု မှတ်တမ်းများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများ၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့် ဥပဒေဆိုင်ရာမှတ်တမ်းများ စသည့် သမိုင်းဝင်အထောက် အထားများကို ခင်းကျင်းပြသထားမည့် ပြခန်းတစ်ခုလည်း ဖွင့်လှစ်ထားရှိမည် ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အရေးပါသည့် သမိုင်းအထောက်အထားများကို လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း။

စုံလင်စွာပါရှိ

ကျန်းမာရေး သင်တန်းကျောင်းတွင်လည်း ပရိဘောဂပစ္စည်း အပြည့်အစုံနှင့် သင်တန်းသား သင်တန်းသူ ၂၀၀ တည်းခိုနေထိုင်နိုင်သည့် တည်းခိုဆောင်များ၊ သင်တန်းသား ၂၀၀ ဆံ့ သင်တန်းခန်းမတစ်ခု၊ သင်တန်းသား ၁၀၀ ဆံ့ သင်တန်းခန်းမတစ်ခု၊ သင်တန်း သား ၅၀ ဆံ့ သင်တန်းခန်းမ လေးခုတို့နှင့် စားသောက်ခန်းမများ စုံလင်စွာပါရှိသည်ဟု သိရှိရကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ်နိုင်ခြင်းအားဖြင့် မိမိတို့နိုင်ငံအတွင်းတွင်ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအားကောင်းလာမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေးနှင့်လူတိုင်းရောဂါဘယ ကင်းရှင်းရေးတို့အတွက် ကြီးမားသည့် အထောက်အကူ ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း ပေါ်ပေါက်လာရန် ထောက်ပံ့ကူညီပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ပြည်သူများ၊ တည်ဆောက်ရေး စီမံကိန်းကို အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့သည့် China Communications Construction Company-Third Harbor Eng-ineering Co.,Ltd. မှ တာဝန်ရှိသူ များနှင့် ပညာရှင်များ၊ ပညာရပ်ပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီခဲ့သည့် ကျန်းစု CDC မှ ပညာရှင်များနှင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအားလုံးကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများ အားလုံးကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai က Myanmar CDC and Medical Training Center နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို ဌာနနှင့် သင်တန်းကျောင်း အဆောက်အအုံဆိုင်ရာ စာရွက်စာတမ်းများကို ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

လက်ဆောင်များပေးအပ်

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တို့ကို ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်ကြသည်။

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကုသရေး၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး၊ ကာကွယ်ဆေးထိုးခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ပါဝင်သော ကျန်းမာရေးဌာနကို စတင်တည်ထောင်ခဲ့ပြီး ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများကို တစ်ဆထက်တစ်ဆ တိုးမြှင့်ဆောင်ရွက်နိုင်မှုကြောင့် မြန်မာနိုင်ငံတွင် ၁၉၇၇ ခုနှစ်တွင် ကျောက်ကြီးရောဂါ (Smallpox) အမြစ်ပြတ် ပပျောက်ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် အနာကြီးရောဂါ ကင်းစင်ပပျောက်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ ကင်းစင်ပပျောက်ကြောင်း၊ ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်တွင် ပိုလီယိုရောဂါ ကင်းစင်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မျက်ခမ်းစပ်ရောဂါသည် ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ကင်းဝေးပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုလွှာများ၊ တံဆိပ်များဖြင့် အသိအမှတ်ပြုခြင်းခံခဲ့ရသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအသီးသီးတွင်လည်း နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့သည်။

အောင်မြင်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့

ထို့ပြင် ၂၀၂၀ ပြည့်နှစ်မှစ၍ ကဏ္ဍအသီးသီးတွင် ကူးစက်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါနှင့်ပတ်သက်၍ မြန်မာ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှု ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုတို့ဖြင့် အောင်မြင်စွာထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း မြန်မာ CDC အဆောက်အအုံကို မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေး သင်္ကေတအဖြစ် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၄ ခုနှစ် မေလတွင် တည်ဆောက်ပြီးစီးပြီ ဖြစ်၍ ဇွန် ၁၃ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းတွင် ကူးစက်လွယ်သော ရောဂါများဖြစ်သည့် လေနှင့်အသက် ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက် တတ်သောရောဂါများ စစ်ဆေးနိုင်သည့် နိုင်ငံတကာအဆင့်မီ ဇီဝလုံခြုံမှုအဆင့် (၃) ဓာတ်ခွဲခန်း၊ အသင့်အတင့် ကူးစက်နိုင်ခြေရှိသည့် ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားများကို စစ်ဆေးနိုင်သောဇီဝလုံခြုံ မှုအဆင့် (၂) ဓာတ်ခွဲခန်းများ၊ ဓာတ်ခွဲခန်းမှတစ်ဆင့် ကူးစက်နိုင် ခြေနည်းပါးသည့် အစားအသောက်များတွင် ကူးစက်ရောဂါပိုးပါဝင်မှု၊ မျိုးမပွားနိုင်သည့် ဗိုင်းရပ်စ်အပိုင်းများ၊ ကပ်ပါးပိုးများ စစ်ဆေးနိုင်သည့် ဇီဝလုံခြုံမှုအဆင့် (၁) ဓာတ်ခွဲခန်းများနှင့် လူကို အဆိပ်သင့်နိုင်သည့် ပတ်ဝန်းကျင်ရှိ ဓာတ်ပစ္စည်းများကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊ ဓာတုအဆိပ်များကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊ သွေး၊ သွေးရည်ကြည်နှင့် မော်လီကျူး စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊ electron micros-copy၊ gas နှင့် liquid များကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းများ ပါရှိသည်။

မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆွေမျိုးပေါက်ဖော် ရင်းနှီးမှု၏ သမိုင်းမှတ်တမ်းအဖြစ် သာမက မြန်မာ CDC တွင် ကိုဗစ်-၁၉ကမ္ဘာ့ ကပ်ရောဂါကဲ့သို့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများ၊ အသစ်ဖြစ်ပေါ်လာသည့် ကူးစက်ရောဂါများ၊ အဓိကကျသည့် ကူးစက်ရောဂါများဖြစ်သော HIV/AIDS ရောဂါ၊ တီဘီရောဂါ၊ငှက်ဖျား ရောဂါစသည့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရန်၊ မကူးစက်တတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ရန်၊ သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်ခြင်း၊တိုးချဲ့ ကာကွယ်ဆေးထိုးခြင်းနှင့် သုတေသနပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်