မန္တလေး ၂၂  သြဂုတ်


မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (မန္တလေးတိုင်းဒေသကြီး)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက Hotel Sakura Princess တွင် ကျင်းပခဲ့သည်။


တွေ့ဆုံပွဲတွင် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးသန်းဌေးနှင့် တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက် ဆွေးနွေးကြသည်။


“ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်ဆောင်တဲ့ နေရာမှာလည်း သတင်းမီဒီယာက အရေးပါပါတယ်။ နောက်ပြီး မဲပေးနိုင်ဖို့အတွက် ထုတ်ပြန်ချက်တွေကို  ပြည်သူလူထု သိဖို့အတွက် သတင်းမီဒီယာက အဓိက အခန်းကဏ္ဍထဲမှာ ပါတယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင် ဦးသန်းဌေးက ပြောသည်။


ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ သတင်းမီဒီယာ ကဏ္ဍနှင့် သက်ဆိုင်သော ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လက်ရှိ ဆောင်ရွက်နေသော ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့သည်။


“လာမယ့် ၂၀၂၀ ရွေးကောက်ပွဲက အရေးကြီးဆုံးပါ။ တိုင်းပြည် အနာဂတ်ကို ဒီရွေးကောက်ပွဲက အဆုံးအဖြတ် ပေးပါလိမ့်မယ်။ အဲ့ဒါကြောင့် သတင်းမီဒီယာနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကို ဆွေးနွေးတာပါ" ဟု သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောသည်။


ထို့ပြင် သြဂုတ် ၂၃ ရက်တွင် မန္တလေးမြို့ Hotel Mandalay တွင် ကျင်းပပြုလုပ်မည့် မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲ အတွက်ကို ယနေ့ နံနက်ပိုင်းက သတင်းမီဒီယာကောင်စီနှင့် မန္တလေးတိုင်းဒေသကြီးမှ သတင်းမီဒီယာများ အကြိုညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


သူရိန်လင်း