မြန်မာနိုင်ငံ သတင်းမီဒီယာ‌ကောင်စီနှင့် ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီတို့ video conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် ဇန်နဝါရီ ၂၁

မြန်မာနိုင်ငံသတင်းမီဒီယာ‌ကောင်စီနှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ယနေ့မနက်ပိုင်း မြန်မာစံတော်ချိန် ဆယ်နာရီသုံးဆယ်မိနစ်မှ ဆယ့်နှစ်နာရီအထိ video conferencing စနစ်ဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ဆွေးနွေးရာတွင် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ကျင့်ဝတ်နှင့်ညီ‌သော သတင်းမီဒီယာသမားများကို အကာအကွယ်ပေးရေးနှင့် နှစ်နိုင်ငံ သတင်းမီဒီယာသမားများအချင်းချင်း သတင်းဖလှယ်မှုများ ပိုမိုအားကောင်းလာစေရေးတို့ကို ဦးတည်ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံအပါအဝင်ဒေသတွင်း နိုင်ငံများရှိ မီဒီယာကောင်စီများနှင့်အတူ ပူးပေါင်း၍ သတင်းလွတ်လပ်ခွင့် ပိုမိုအားကောင်းလာစေရေးကို ဦးစားပေးဆောင်ရွက်သွားမည့် အကြောင်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီးမြန်မာနိုင်ငံအတွင်းမှာရှိသည့် သတင်းသမားများအတွက် အရည်အသွေးမြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပေးနေခြင်း၊ သတင်းတုသတင်းအမှားများ ပပျောက်စေရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ  ကြိုးစားဆောင်ရွက်နေသည့်အခြေအနေများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ Mr.Chavarong  Limpattamapanee က အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌအား လေးစားစွာဂုဏ်ပြုကြိုဆိုပါကြောင်းနှင့် ထိုင်းနိုင်ငံမီဒီယာကောင်စီ ဖက်မှလည်း လိုအပ်သည့်ကိစ္စများကို ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် သတင်းမီဒီယာကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ (National Press Council of Thailand)မှ ဥက္ကဌဖြစ်သူ Mr.Chavarong  Limpattamapanee  အပါအဝင်ကောင်စီဝင် (၉)ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (Myanmar Press Council)မှ ဥက္ကဌ ဦးအုန်းမောင်နှင့်အတူ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ ကောင်စီဝင်များဖြစ်ကြသော၊ ဦးအေးချမ်း၊ ဒေါက်တာဇော်သန်းနှင့် ဒေါ်မြင့်မြင့်သိန်း တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်