နေပြည်တော် စက်တင်ဘာ ၁၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုး နှင့် ဦးတင်အောင် တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်း သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌ရေးစောင့်ရှောက်မှု ရှိ မရှိ၊ သန့်ရှင်းသောသောက်သုံးရေ လုံလောက်မှု ရှိ မရှိ၊ ထောင်ဝင် စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ တို့ကို မေးမြန်းမှတ်တမ်းတင်သည်။

ယင်းနောက် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ် စာပေ ၅၀ ကို ကော်မရှင်မှလှူဒါန်းခဲ့ရာ တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင် စခန်းတာဝန်ခံအရာရှိက လက်ခံရယူသည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို အရေးယူ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်