ရန်ကုန် ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံအကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှု စစ်ဆေးခဲ့ပြီး အကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသောသောက်သုံးရေ လုံလောက်မှု၊ ထောင်ဝင်စာ ပစ္စည်းများစုံလင်စွာရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခဲ့သည်။
အကျဉ်းထောင်ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှုရှိ မရှိ၊ ဧည့်တွေ့ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန် ဗဟု သုတရဖွယ်ရာ စာအုပ်စာစောင် ၅၀ ကို ကော်မရှင်မှ လှူဒါန်းရာ ဖျာပုံအကျဉ်းထောင် တာဝန်ခံအရာရှိက လက်ခံရယူသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)