ရန်ကုန်  ၁၉  ဩဂုတ် 


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Triangle Women Organization တို့ပူးပေါင်းပြီး “ Women’s Rights and Gender Orientation Training”  အလုပ်ရုံသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီခွဲ က ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ပြုလုပ်သည်။ 


အလုပ်ရုံသင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများနှင့် ပြင်ပမှ ဘာသာရပ်ကျွမ်းကျင် နည်းပြများ တက်ရောက် ကြသည်။


ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားပြီး Triangle Women Organizationမှ Founder and Director ဖြစ်သူ ဒေါ်ခင်လေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပြည်သူများအကြား ကွင်းဆင်း၍ လူ့အခွင့်အရေး မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ်ရှိနေစဉ်အတွင်း ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် New Normal  အတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ရုံးဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အလုပ်ရုံ သင်တန်းကို မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI)၏ ပူးပေါင်း ပါဝင်မှုဖြင့် ဇူလိုင် ၂ ရက်တွင်လည်းကောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သင်တန်းကို NGO Child Rights Working Group ၏ ပူးပေါင်းပါဝင်မှုဖြင့် ဇူလိုင် ၂၂ ရက် တွင် လည်းကောင်း ကော်မရှင်ရုံး၌ ဖွင့်လှစ်နိုင်ခဲ့သည်။
ယနေ့ပြုလုပ်သည့် အလုပ်ရုံသင်တန်းဖွင့်ပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် Social Distancing အညီပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းတွင် အမျိုးသမီး အခွင့်အရေး အခြေအနေများအား နှစ်ရက်တာ ဆွေးနွေးပို့ချမည်ဖြစ်ပြီး ကော်မရှင်ရုံးဝန်ထမ်း ၃၅ ဦး တက်ရောက်ကြကြောင်း သိရသည်။ 


သတင်းစဉ်