ရန်ကုန် ဒီဇင်ဘာ ၁၂

 

အရှေ့တီမောသမ္မတ၏ မြန်မာ့အရေးပြောကြားချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏သမိုင်းကို ဦးစွာ သိအောင်ပြုလုပ်သင့်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦးက တုံ့ပြန်ပြောကြားလိုက်ကာ တီမော သမ္မတ၏  မြန်မာ့အရေးစွက်ဖက်မှုနှင့်ပတ်သက်၍ လက်မခံကြောင်း နိုင်ငံရေးနယ်ပယ်မှ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။


မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ တပ်မတော်သားများကို တိုက်တွန်းသည်ဟုဆိုကာ အရှေ့တီမောနိုင်ငံ ၏ သမ္မတဂျိုဆေးရာမို့စ်ဟောတာက ပြောကြားလိုက်သည့် ကိစ္စနှင့်ပတ်သက်၍   နိုင်ငံရေးသုံးသပ် လေ့လာသူတစ်ဦးက အထက်ပါအတိုင်း မြန်မာ့အရေးကိုလေ့လာရန် ပြောကြားခဲ့ခြင်းဖြစ်ပြီး အခြား နိုင်ငံရေးနယ်ပယ်မှပုဂိုလ်များကလည်း လက်မခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။


 “မြန်မာနိုင်ငံအကြောင်းကို ပြောချင်ရင် မြန်မာနိုင်ငံရဲ့သမိုင်းကို အရင်ဆုံးသိအောင်လုပ်ပါလို့ ပြောချင်ပါတယ်။ သမိုင်းကြောင်းကိုမသိဘဲ  ဝေဖန်တယ်ဆိုရင် ဒါက ဝေဖန်တာနဲ့မတူဘဲ  တစ်ခါတစ်ရံ ကျတော့ လေကန်တာမျိုး ဖြစ်သွားတတ်တယ်။ လေကန်တယ်ဆိုတာမျိုးက အထောက်အထား ပြုရမယ့်အရာတွေ၊ ကိုးကားရမယ့်အရာတွေမသိဘဲနဲ့ ပြောတာမျိုးကို လေကန်တယ်လို့ ပြောကြားတာပ ေါ့” ဟု အထက်ပါနိုင်ငံရေး သုံးသပ်လေ့လာသူ က ဆိုသည်။


ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်းက နှစ်ခါမက သုံးခါအထိ မဲပေးခွင့်ရခဲ့သူများပင်ရှိခဲ့ကာ ထိုသို့ ဖြစ်စဉ်မျိုးသည် အောက်ခြေကပင်ဖြစ်သည်ဖြစ်စေ ခေါင်းဆောင်ကသာ ဖြေရှင်းရပြီး အဆိုပါ ဖြစ်စဉ်မျိုးကို တီမောသမ္မတအနေဖြင့် သိရှိနားလည်ထားမည်ဟုထင်ကြောင်း ၎င်းက ဆိုသည်။



“တစ်ခုလောက်မေးစမ်းပါရစေ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာထိန်းပြီးတည်းက ဒီနေ့ အထိ သံရုံးတွေ တံခါးပိတ်ပြီး မြန်မာနိုင်ငံကပြန်သွားတာ ဘယ်နှနိုင်ငံရှိပါသလဲခင်ဗျာ။ တီမော သမ္မတကြီးခင်ဗျာ။ မြန်မာနိုင်ငံသံရုံးတွေကို ဘယ်နိုင်ငံက တံခါးပိတ်ပြီး မင်းတို့ပြန်တော့လို့ ပြောတာ ရှိပါသလဲခင်ဗျာ။ တပ်မတော်ကိုခွဲတာက တိုင်းပြည်ကိုခွဲတာနဲ့ အတူတူဖြစ်ပါတယ်။ မြောက်ဗီယက်နမ်၊ တောင်ဗီယက်နမ်  ကွဲသွားခဲ့ဖူးပါတယ်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယား ကွဲသွားခဲ့ပါတယ်။ ဗီယက်နမ်ကပေါင်းပေမယ့် ကိုရီးယားကတော့ကွဲမြဲပါ။ ဒီလိုမျိုးတွေမဖြစ်ဖို့ ဝိုင်းဝန်းထိန်းသိမ်းပြီး ဘိုးဘွားအစဉ်အဆက်တည်ရှိတဲ့ နယ်နိမိတ်တွေက ဆက်တည်ရှိပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံဟာ ပြည်တွင်း ရေးကို ဝင်မစွက်ဖက်ဘဲ ဖေးမကူညီခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်” ဟု အထက်ပါ သုံးသပ်လေ့လာသူက ဆိုသည်။

 

တီမောနိုင်ငံအနေဖြင့် နိုင်ငံငယ်သာဖြစ်ပြီး အနောက်အုပ်စုနိုင်ငံမှ ပိုက်ဆံရရှိရန်အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပြောနေခြင်းသာဖြစ်ပြီး တီမောသမ္မတက ပြောသည့်အတွက် တပ်မတော်သည် ပြိုကွဲသွားမည်မဟုတ်၊ ရှုံးသွားမည်မဟုတ်ကြောင်း မြန်မာ့နိုင်ငံအရေး သုံးသပ်လေ့လာသူ တစ်ဦး ဖြစ်သည့် ဦးဘိုဘိုကျော်ငြိမ်းက ဆိုသည်။

 

“ကျွန်တော်ကတော့ တီမောသမ္မတပြောလည်း သူပြောနေတာ အလကားသက်သက်ပဲ။ ဘာမှမဖြစ်ဘူး။ တီမောသမ္မတက ဘာပြောလို့ ညာပြောလို့ဆိုတာ စိတ်မပူပါဘူး။ လေကုန်တာပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

တီမောသမ္မတ၏ ပြောကြားချက်သည် နိုင်ငံရေးမျက်နှာစာတွင် ထင်ပေါ်စေရန်အတွက် လုပ်ဆောင်ခြင်း ဟုသာရှုမြင်မိကြောင်းနှင့် တီမောသမ္မတ ပြောကြားချက်ကို ငြင်းဆိုလိုကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒုတိယဥက္ကဌ ဦးတင်ဆွေ က သုံးသပ်ပြောကြားသည်။


“သူတို့ကိုယ် သူတို့ Role တင်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ စွက်ဖက်တာကတော့ ကမ္ဘာ့ နိုင်ငံကြီးတွေကလည်း စွက်ဖက်နေတာပဲ။ ပြောချင်တာက ကျွန်တော်တို့က ဖွဲ့စည်းပုံအတိုင်း သွားနေ တာကို ဘယ်နိုင်ငံကမှ Mother law ကို စွက်ဖက်လို့မရဘူး” ဟု ၎င်းကဆိုသည်။  

ထက်ဦးမောင်