မန္တလေး  ၁၀  မေ 

 

အမေရိကန်သံရုံးနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအထက်ပိုင်းရှိ ပညာဆိုင်ရာအဖွဲ့အစည်း ၁၄၀ နီးပါးအတွက် စာအုပ်ပေါင်း ၆၃၀ဝ ကျော် လှူဒါန်းသည့်အခမ်းအနားကို မန္တလေးမြို့ ဂျက်ဖာဆန်စင်တာတွင် ယနေ့နံနက်ပိုင်း ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ 

 

''နိုင်ငံသားတွေ အသိပညာဗဟုသုတပြည့်စုံနေရင် ဒီမိုကရေစီစနစ်ဟာ အလုပ်ဖြစ်ပါတယ်။ ဒီလိုဗဟုသုတ ပြည့်စုံဖို့အတွက် ကျယ်ပြန့်တဲ့ စာပေတက်မြောက်မှုက အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း ပညာရေးကဏ္ဍတိုးတက်ရေး ဆောင်ရွက်ရာမှာ ပါဝင်ခွင့်ရတဲ့အတွက် အမေရိကန်သံရုံက ဂုဏ်ယူမိပါတယ်'' ဟု အမေရိကန်သံရုံး၏ ပြည်သူ့ရေးရာအရာ၇ှိ  ဒေါက်တာ ဂျွန်ရို့ချ် ကပြောသည်။ ယင်းနောက် အာရှဖောင်ဒေးရှင်း၏ Program and Operations အကြီးတန်းအရာရှိ မီကီကျော်မြင့်က တက်ရောက်လာကြသော အဖွဲ့အစည်းများကို စာအုပ်လှူဒါန်းသည့်လက်မှတ်များ ပေးအပ်ခဲ့သည်။

 

အာရှဖောင်ဒေးရှင်းသည် အမေရိကန်သံရုံး မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်တို့နှင့် ပူးပေါင်းကာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေထားသော ပညာရေးဆိုင်ရာအရည်အသွေးမြှင့်စာအုပ်များနှင့် ကလေးစာအုပ်များကို မြန်မာနိုင်ငံအတွက် လှူဒါန်းလာခဲ့သည်မှာ ၂၀ဝ၇ ခုနှစ်ကတည်းက ဖြစ်ပြီး ၁၂ နှစ်တာကာလအတွင်း တက္ကသိုလ်များ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရကျောင်းများ၊ အစိုးအေဂျင်စီ စာကြည့်တိုက်များအပါအဝင် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအတွက် စာအုပ်ပေါင်း ၂သိန်း၅သောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

''နေရာတိုင်းမှာ ပညာရေးဆိုင်ရာအရင်းအမြစ်တွေရရှိရေးဟာ အရေးကြီးပါတယ်။ အာရှဒေသအတွက် လွှတ်တော်စာကြည့်တိုက်တွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ စာကြည့်တိုက်တွေ၊ ပဋိပက္ခဘေးဒဏ်သင့်ဒေသက လူမှုအဖွဲ့အစည်းစာကြည့်တိုက်တွေအထိ ဘာသာရပ်မျိုးစုံ၊ စာအုပ်မျိုးစုံ လှူဒါန်းပါတယ်။ အသိပညာပြည့်ဝတဲ့ လူ့အဖွဲ့အစည်းနဲ့ လုပ်သားအင်အားစုတစ်ခုကို အကျိုးပြုနိုင်တဲ့ ပြည်သူတွေရဲ့ အသိပညာနဲ့ စွမ်းရည်တွေအတွက် ရင်းနှီးမြှုပ်နှံမှုနည်းလမ်းတစ်ခုအနေနဲ့ ဒီအစီအစဉ်ကို ကျွန်မတို့ မျှော်မှန်းထားပါတယ် ''ဟု အကြီးတန်းအရာရှိ မီကီကျော်မြင့်က ပြောသည်။

 

ဂျက်ဖာဆန်စင်တာမန္တလေး၌ ယနေ့ကျင်းပသောအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ အဖွဲ့အစည်းပေါင်း ၁၄၀ နီးပါးအတွက် စာအုပ်ပေါင်း ၆၃၀ဝ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အေးမြ(မန္တလေး)