မိုးကုတ် ၃၀ ဩဂုတ်
ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်တွင် “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းနှင့် ကျား/မ ရေးရာ မူဝါဒထွက်ပေါ်လာရေး” ဆွေးနွေးပွဲကို သြဂုတ်လ ၂၉ ရက်နေ့က ရှမ်းစုခန်းမတွင် (GEN) အဖွဲ့မှ ဦးဆောင်၍ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသည် မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံး နိုင်ငံတော်အစိုးရ၏ပံ့ပိုးမှုဖြင့် စွမ်းဆောင်ရည် မြင့်မားလာပြီး အခွင့်အရေးရပိုင်ခွင့်များကို အပြည့်အဝရရှိခံစားနိုင်စေရန်နှင့် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ ရေးရာတန်းတူညီမျှရေးနှင့် အခွင့်အရေးများကို အသိအမှတ်ပြုလက်ခံနိုင်စေမည့် စနစ်များ၊ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ကြောင်း (Gender Equality Network)မှ တာဝန်ရှိသူ ဦးထွန်းထွန်းအောင်က ပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသမီးနှင့် ကလေးသူငယ်အကြမ်း ဖက်ခံရမှုများ၊ ကျား၊ မ အခွင့်အရေးမညီမျှမှုများ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှူပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (CEDAW)သမိုင်းကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW)သမိုင်းကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အစရှိသည်တို့ကို တက်ရောက်သူများနှင့် အပြန်အလှန် စိတ်ပါဝင်စားစွာဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အမျိုးသမီးကော်မတီဝင်များ၊ NGO အဖွဲ့အစည်းများ၊ နယ်ပယ်မျိုးစုံမှဒေသခံပြည်သူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေနွေးပွဲအား ၂ ရက်တာကျင်းပခဲ့ကြောင်း သိရှိရသည်။
ဖြိုးမမ(မိုးကုတ်)


