နေပြည်တော်၊ မတ် ၂၉
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၂)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တွဲဖက်အတွင်းရေးမှူးများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီနှင့် အတွင်းရေး မှူးရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဗဟိုကော်မတီဝင် ဝန်ကြီးချုပ်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို ဥပဒေနှင့်အညီစိစစ် နိုင်ရန်၊ အမြန်ဆုံးတရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်နိုင်ရန်ရည်ရွယ်ပြီး “မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအားဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟို ကော်မတီ”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၂၂၈/၂၀၂၃ ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း။
ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် အထောက် အကူပြုပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီနှင့် ဗဟိုကော်မတီ အတွင်းရေးမှူးရုံးအဖွဲ့တို့ကိုလည်း ဗဟိုကော်မတီ၏ အမိန့်အမှတ် (၁/၂၀၂၃) ၊ (၂/၂၀၂၃) နှင့် (၃/၂၀၂၃) တို့ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရာတွင် ဗဟိုကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ သက်ဆိုင်ရာ နိုင်ငံသံရုံးများသို့ သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆက်သွယ်အကြောင်းကြားနိုင်ရေး ညှိနှိုင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ် ၂၅ ရက်အထိ နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံခြားသား စုစုပေါင်း ၅၃၀၈၉ ဦးကို ပြည်နှင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ပြည်နှင်လွှဲပြောင်းခဲ့သည့် နိုင်ငံခြားသားစာရင်းတွင် တရုတ်နိုင်ငံသား ၅၁၀၁၀ ဦး ပါဝင်ကြောင်း။
မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကိုရှေ့ရှု၍လည်းကောင်း၊ ယုံကြည်မှုအပေါ် တလွဲအသုံးချခံရသူများ ဖြစ်ခြင်းကြောင့်လည်းကောင်း၊ သဘောဆန္ဒမပါဘဲ ရာဇဝတ်မကင်းသော လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံရသူများဖြစ်ခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း အရေးယူခြင်းမပြုဘဲ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေနှင့်အညီ ပြည်နှင်လွှဲပြောင်းရန် စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ အထူးသဖြင့် ကရင်ပြည်နယ်၊ မြဝတီဒေသရှိ နိုင်ငံခြားသားများနှင့်ပတ်သက်၍ မြန်မာ - ထိုင်းနှစ်နိုင်ငံ အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်း၍ သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ အကြား ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ပြည်နှင်မိန့်စောင့်ဆိုင်းနေစဉ်ကာလအတွင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ခေတ္တထိန်းသိမ်းထားသော နိုင်ငံခြားသားများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင် လွှဲပြောင်းပေး နိုင်ရေးအတွက် ဗဟိုကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိရာ မတ် ၂၅ ရက်အထိ အကျဉ်းထောင်နှင့် အချုပ်ထောင်များတွင် ထိန်းသိမ်းထားရှိသော နိုင်ငံခြားသား ၈၄ ဦးကို လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ တွဲဖက်အတွင်း ရေးမှူး(၁)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦးက မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြား သားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)