နေပြည်တော် ၂၂  သြဂုတ် 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်တို့နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိပြီး နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပရာ အစည်းအဝေးသို့  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

 

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားရာတွင်  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်ပါအတိုင်း   နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်အောင် ဆောင်ရွက် ထားခဲ့ပြီး ဖြစ်ကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာဝ ဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre)နှင့် ASEAN ERATအဖွဲ့တို့မှ တာဝန ်ရှိသူများကလည်း ပြန်လည်လက်ခံရေးစခန်းများနှင့် လှဖိုးခေါင်ကြားစခန်း၏ လုပ်ငန်းဆောင်ရွက်မှု အား စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် ခိုင်မာ အားကောင်းမှု ရှိစေခြင်း၊ အခြေခံဝန်ဆောင်မှုများ ထောက်ပံ့ခြင်း စသည့်ကိစ္စရပ်များ လိုအပ်သလို ပူပေါင်း ဆောင် ရွက်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံ MoU  လက်မှတ်ရေးထိုးထားပြီး စာချုပ်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း၊  ပြန်လည်ဝင်ရောက်လာသူများအား လက်ခံရာတွင် အရေးကြီးသည့်အပိုင်းဖြစ်သည့် မြန်မာနိုင်ငံအတွင်း၌ နေထိုင်ခဲ့ဖူးသူ ဟုတ်/မဟုတ် စိစစ်ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာနအသီးသီးရှိဝန်ထမ်းများနှင့်အတူ ပြန်လည်လက်ခံရေးစခန်းများဖြစ်သည့် တောင်ပြိုလက်ဝဲ၊ ငါးခူရ စခန်းများတွင် ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

၄င်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးအတွက်  စနစ်တကျ ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးကြသည်။

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဘက်မှ အဆိုပြုသော နေရပ်စွန့်ခွါသူများ ပြန်လည် ပို့ဆောင်ရေးကို ယနေ့ (၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့)တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း နှစ်နိုင်ငံ ညှိနှိုင်း သဘောတူညီချက် ရရှိခဲ့သဖြင့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဌာနဆိုင်ရာ အဆင်မြင့်အရာရှိများသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာဝ ဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre)နှင့် ASEAN ERAT အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းမှ အသင့်ပြင်ဆင် စောင့်ဆိုင်းခဲ့ကြသော်လည်း  ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ နေရပ်စွန့်ခွါသူများ ပြန်လည်ဝင်ရောက်လာခြင်း မရှိ ကြောင်း သိရသည်။ 

 

န္တတ

 

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှစတင်ကာ အဆင်သင့်အနေထားဖြင့် လိုအပ်သည်များကို ကြိုတင် ဆောင်ရွက်ထားရှိပြီး ဖြစ် ကြောင်း၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ် ရေးဝန်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြန်မာနိုင်ငံမှ နေရပ် စွန့်ခွာသူများ ပြန်လည်ပို့ဆောင်မည်ဟု အကြောင်းကြားချက်အရ တောင်ပြိုလက်ဝဲပြန်လည် လက်ခံ ရေးစခန်း၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ကြားစခန်းများသို့ သွားရောက်ကာ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို သွားရောက် ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 


(သတင်းစဉ်)