နေပြည်တော် ဒီဇင်ဘာ ၂၀

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၅/၂၀၂၃-၂၄)ကြိမ် မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေး မှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လုပ်ငန်းအဖွဲ့ဥက္ကဌ ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် ချေးငွေအဆိုပြုလွှာခေါ်ယူပြီး Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလ အထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ် (၇) ခုတို့မှ လုပ်ငန်းရှင် (၂၁)ဦးသို့  ငွေကျပ် (၁၇၇၃) သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ယခု ဒုတိယအကြိမ်ချေးငွေ အဆိုပြုလွှာခေါ်ယူပြီးဖြစ်၍ ချေးငွေစံသတ်မှတ်ချက် များနှင့် ကိုက်ညီသော လုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံး ထုတ်ချေးပေးသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ က ချေးငွေထုတ်ချေးပြီးအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စများကိုလည်း ကောင်း၊ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆောင် ရွက်နေမှုများကိုလည်းကောင်း၊ Project Management Unit  စီမံကိန်းဒါရိုက်တာက ချေးငွေအမှုတွဲများ စိစစ်ပြီးစီးမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးတွင် နိုင်ငံတော်မှ ဆီထွက်သီးနှံများ တိုးတက်ထွက်ရှိ ရေးကို အားပေးဆောင်ရွက်လျက်ရှိသည့်နည်းတူ ဆီစက်များ အဆင့်မြှင့်တင်ရေးနှင့် ဆီစက်လုပ်ငန်းများ တိုးချဲ့နိုင်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေများကို စနစ် တကျစိစစ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်