နေပြည်တော် ၆ ဇူလိုင်
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ ဒုတိယအကြီးအကဲဖြစ်သော မစ္စတာ ဟမ်ဂျောင်ဟန်း(Mr. Hahm Jeong-han, Deputy Chief Minister of Embassy)၊ မစ္စ အိုယွန်းနာ(Ms. Oh Youna, First Secretary) နှင့် KOICA မြန်မာရုံး၏ ဒုတိယဌာနေ ကိုယ်စားလှယ် မစ္စတာကင်ဂျီဟွန်း (Mr. Kim Ji-Hoon, Deputy Representative of KOICA Office) ဦးဆောင်သောအဖွဲ့သည် ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးနှင့် တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် မွေးရေကျေး ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံရာတွင် ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Co-operation Agency- KOICA) တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းမှာ မြန်မာနိုင်ငံတွင် ရေချိုငါးမွေးမြူရေး နည်းပညာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (The project on Development of Freshwater Fish Farming Technology in Myanmar )နှင့် ယခုဆောင်ရွက်နေသည့် အဆိုပါစီမံကိန်း၏ ဆက်လက် ဆောင်ရွက်နေသည့်စီမံကိန်း(“Follow up project on Development of Inland Fish Farming Technology in Myanmar”) တို့အား ရေချိုငါးမွေးမြူရေး သုတေသနနှင့် တိုးချဲ့ပညာပေးရေးဗဟိုဌာန၊ မန္တလေးမြို့တွင် အခြေပြု၍ ပူးတွဲဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများအပေါ် အကဲဖြတ်ခြင်းလုပ်ငန်းများကို လာရောက်ဆွေးနွေးခဲ့သည်။
ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရေချိုသုတေသနစင်တာ၏ လက်ရှိတွင် ငါးမွေးမြူရေးလုပ်ငန်းများအတွက် အလွန်အကျိုးရှိသည့် သက်ရှိအစာမွေးမြူရေး သုတေသန လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တက္ကသိုလ်များ၊ ကောလိပ်များမှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ သုတေသနပြု ကျောင်းသား/ကျောင်းသူများ ရေချိုသုတေသနစင်တာတွင် သုတေသန ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


