မြိတ် ဇန်နဝါရီ ၇

 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ကန်ဖျားရပ်ကွက် ရွှေဘုံသာကျောင်းလမ်း၌ ဒေသခံများနှင့် တိုင်းရင်းသားများအတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်)က ကြီးမှူးဖွင့်လှစ်သည့် အခမဲ့ဆေးကုသခန်းကို တက်ရောက်ဖွင့်လှစ်ပေးကြသည်။

 

ဦးစွာ အခမဲ့ဆေးကုသခန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း(မြိတ်) အခမဲ့ဆေးကုသခန်းအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်စိုးမိုးက ဆေးခန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စေတနာရှင် အလှူရှင်များက အခမဲ့ ဆေးကုသခန်းအတွက် အလှူငွေစုစုပေါင်း ၁၇၆ သိန်းကို လှူဒါန်းပေးအပ်ကြရာ အခမဲ့ဆေးကုသခန်း အဖွဲ့ခေါင်းဆောင်က လက်ခံရယူသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးကုသခန်းအတွင်း ဒေသခံများနှင့် တိုင်းရင်းသားများအား ဆေးကုသမှုပေးရန် ပြင်ဆင်ထားရှိမှုကို ကြည့်ရှုအားပေးကြသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း(မြိတ်) အခမဲ့ဆေးကုသခန်းတွင် အဖွဲ့ခေါင်းဆောင်ဆရာဝန် ဦးဆောင်၍ ဆရာဝန်သုံးဦးက တစ်ပတ်လျှင် အင်္ဂါနေ့၊  ကြာသပတေးနေ့နှင့် စနေနေ့ သုံးရက် အပတ်စဉ် အခမဲ့ဆေးကုသပေးပြီး ဆေးဝါးများအခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)