နေပြည်တော် ၂၂ ဇူလိုင်
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဂေဟစနစ် မတူညီသောဒေသများတွင် ဒေသခံအခြေပြုသစ်တော ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများအတွက် လေ့လာသင်ယူခြင်းနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
“မြန်မာနိုင်ငံ၏ မတူညီသော ဂေဟစနစ်များတွင် ရေရှည်တည်တံ့သော စိုက်ပျိုးမြေနှင့် သစ်တောသယံဇာတစီမံအုပ်ချုပ်မှုနည်းစနစ်များ ဖော်ဆောင်ခြင်း စီမံကိန်း” အစီအစဉ်ဖြင့်ကျင်းပ ဆောင်ရွက်ခြင်းဖြစ်သည်။ ဤစီမံကိန်းသည် FAO ၏ ဦးဆောင်မှုနှင့် ဒေသခံ NGO, CSO များနှင့် ပူးပေါင်းပြီး မတူညီသည့်ဂေဟစနစ် (၃)ခုဖြစ်သည့် ကမ်းရိုးတမ်း၊ ကုန်းမြင့်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင်ရာ သီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီမှုရှိသည့် စိုက်ပျိုးရေး နည်းစနစ်များ၊ ဒေသခံပြည်သူတို့ ပူးပေါင်းပါဝင်ပြီး ရေရှည်တည်တံ့သည့် သစ်တောစီမံအုပ်ချုပ်မှု နည်းစနစ်များကို သရုပ်ပြဆောင်ရွက်လျက်ရှိသည်။
စီမံကိန်းဧရိယာအနေနှင့် ကုန်းမြင့်ဒေသဖြစ်သည့် ချင်းပြည်နယ်တွင် မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်၊ ဒီရေတောဧရိယာဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးမှ လပွတ္တာမြို့နယ်နှင့် အပူပိုင်းဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းစီမံကိန်း၏လုပ်ငန်းစဉ်များအရ အစိုးရမဟုတ်သည့်အဖွဲ့အစည်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနှင့် ပူးပေါင်းဆောင်ရွက်မှာဖြစ်သည့်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲသည် FAO နှင့် RECOFTC မြန်မာနိုင်ငံ အစီအစဉ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် (၇)ခုအနက် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း သိရသည်။
ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ မတူညီသည့် ဂေဟစနစ်သုံးခုတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်မည်ဆိုလျှင် ကြုံတွေ့နေရသည့်အခက်အခဲများ၊ အားသာချက်များကို ဝေမျှနိုင်စေရန်၊ အတွေ့အကြုံများကို အခြေခံပြီး ဆက်လက်ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်စေရန်အတွက် အနာဂတ်တွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ချမှတ်နိုင်စေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း သိရသည်။
အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က အမှာစကားပြောကြားပြီး FAO စီမံကိန်းရုံးအဖွဲ့မှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ NGO/ INGO များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)


