ရန်ကုန် ၁၂ ဇွန် 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မဲခေါင်-ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု ရန်ပုံငွေအစီအစဉ်တို့ ပူးပေါင်း၍ “မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆိုင်ရာ စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်စိစစ်ခြင်း အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ” ကို  ဇွန်(၈)ရက်၊  နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Summit Park View Hotel ၌ ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက်  ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆိုင်ရာ စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်စိစစ်ခြင်း အကောင် အထည် ဖော်နိုင်မှုနှင့် ပတ်သက်၍ "၂၀၁၅ ခုနှစ် နောက်ပိုင်း ဖွံ့ဖြိုးမှု အစီအစဉ်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသည့်  ကုလသမဂ္ဂ အထွေထွေညီလာခံက  အတည်ပြုပြဋ္ဌာန်းခဲ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ  ၁ ရက်တွင် စတင် အသက်ဝင်ကာ ၂၀၃၀ ပြည့်နှစ်အထိ  ၁၅  နှစ်တိုင် အောင် ဆောင်ရွက်သွားရမည့် ဖွံ့ဖြိုးမှုလုပ်ငန်းရပ်များ ဖြစ်ပါကြောင်း။


စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များသည် ပန်းတိုင် ၁၇ ခု၊ ရည်မှန်းချက် ၁၆၉  ခု နှင့်ညွှန်ကိန်းပေါင်း ၂၃၂ ခုပါဝင်ပြီး အဆိုပါ ပန်းတိုင်များ၊ ရည်မှန်းချက်များနှင့် ညွှန်ကိန်းများ ပြည့်မီရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုစာရင်းအင်းအဖွဲ့သည် အဆိုပါ လုပ်ငန်းရပ်များ အောင်မြင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals) စောင့်ကြည့်လေ့လာရေးအတွက် National Focal အဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်း၍ ပန်းတိုင်များကို တိုင်းတာနိုင်မည့် နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် စွမ်းဆောင်ရည် တိုင်းတာသည့် လုပ်ငန်းရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။


ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို စစ်မှန်၍ အားလုံးပါဝင်သော စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လိုအပ်သည့် မူဝါဒနှင့်အဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှု၊ ထိရောက်မှုတွေကို စောင့်ကြည့်အကဲဖြတ် နိုင်စေရန်အတွက် အမျိုးသားညွှန် ကိန်း မူဘောင် (National Indicator Framework-NIF) တစ်ရပ် ပေါ်ထွက်လာစေရေးကို ဗဟိုစာရင်းအင်းအဖွဲ့မှ Focal အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောက်ပိုင်းမှာ ညွှန်ကိန်းများအတွက် Metadata ဖော်ထုတ်နိုင်ရေးကို ဆက်လက်ဆွေးနွေးဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း" ပြောကြားသည်။


ယင်းနောက်  တက်ရောက်လာသူများ၏  သိရှိလိုသည်များ၊ ပြန်လည်ဆွေး နွေးမှုများ အပေါ် ညွှန်ကြားရေးမှူးချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးသည်။ အလုပ်ရုံဆွေးနွေးပွဲသို့   မြန်မာနိုင်ငံစာရင်းအင်းပညာအသင်းဥက္ကဋ္ဌ ဦးရှု့ကြိန်၊ စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ခင် အပါအဝင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း  ၇၀  တက်ရောက်ကြသည်။


(သတင်းစဉ်)