မန္တလေး ၂၀ အောက်တိုဘာ
Mandalay Free Rider မှ ဦးစီး၍ လူငယ်များ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရေးနှင့် ကွင်းတွင်းလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အပန်းဖြေစခန်းအနီးရှိ 11 Mile MX Bike Park နေရာ၌ ကျင်းပမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက မန္တလေးမြို့ ၇၈ လမ်း ခင်စောမူကွေ့ရှိ ရွှေပြည်သာစားသောက်ခန်းမတွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
ပြိုင်ပွဲတွင် MMX-A(Senior) 231cc နှင့် 231cc အထက်(Pro)-အတန်း၊ MMX-A(Junior) 231cc နှင့် 231cc အထက်(Pro)အတန်း ပြိုင်ပွဲဝင်များက ကွင်း ၁၀ ပတ်၊ MMX-B(Senior) နှင့် (Junior)125cc မှ 230cc အထိ(Master)အတန်း ပြိုင်ပွဲဝင်များက ကွင်း ၇ ပတ်နှင့် MMX-C110cc မှ 125cc (Beginner)အတန်း ပြိုင်ပွဲဝင်များက ကွင်း ၅ ပတ် စီးနင်းပြိုင်ပွဲဝင်ကြရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များသည် မှတ်ပုံတင်မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ၊ အသက်အာမခံနှင့် ပြိုင်ပွဲဝင်ကြေး နှစ်သောင်းကျပ်တို့နှင့်အတူ အောက်တိုဘာ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ၃၂ x ၃၃ လမ်းကြား ၇၇ လမ်း 501 Fashion Shop ၊ ၇ မိုင် Mini Beach နှင့် 11 Mile MX Bike Park တို့သို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်တို့ကို အားကစားအင်္ကျီ ဦးထုပ်နှင့် နံပါတ်ပြား ၅ ခုတို့အပြင် နေ့လယ်စာ ရေသန့်၊ အချိုရေဘူးတို့ကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ ကျင်းပရေး MFR မှ တာဝန်ရှိသူကလည်း ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း၍ ဆုများ ထိုက်တန်စွာ ချီးမြှင့်ပေးမည့်အစီအစဉ်များကို ပြောကြားသည်။
ပြိုင်ပွဲဝင်အားကစားသမားများ မိမိကိုယ်ပိုင်ဆိုင်ကယ်၏ ကြံ့ခိုင်မှု၊ ဆီရေလေအား စိစစ်တာဝန်ယူကာ ဆိုင်ကယ်ကို Off Road တာယာများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် မီဒီယာများ၏ သိလိုသည်များကို ကိုအောင်ပိုင်စိုးက ရှင်းလင်းပြောပြသည်။ အဆိုပါအတန်း ၅ တန်းမှ ပြိုင်ပွဲဝင်ကစားသမားများအတွက် FNI အာမခံ တစ်ယူနစ်ပါဝင်ကြောင်းနှင့် ပြိုင်ပွဲကို နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို အောက်တိုဘာ ၂၇ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)


