ရန်ကုန် ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၃)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ကန်တော့ပွဲအခမ်းအနားကို ယနေ့မွန်:လွဲ ၁ နာရီတွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Sky Star Hotel ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်သည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် နှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ဥက္ကဌဦးလွင်မြင့် မြန်မာနိုင်ငံသဘင် အစည်းအရုံး(ဗဟို) တွဲဖက်အတွင်းရေးမှူး(၂)ဦးသီရိမောင်မောင် နှင့် ကန်တော့ခံသက်ကြီးဂီတပညာရှင်များ၊ စာပေပညာရှင်များ တက်ရောက်ကြသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် တို့က မုဒိတာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအ ရုံး(ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့် က ကျေးဇူးတင် စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် လှူဒါန်းငွေကျပ်သိန်း ၁၀၀ နှင့်ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှလှူဒါန်းငွေကျပ် သိန်း ၃၀ ကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)ဥက္ကဌ ဦးလွင်မြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ထိုနောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)သို့ အလှူရှင်များက လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)တွဲဖက်အတွင်းရေးမှူူ(၁) ဦးမြတ်မင်းနှင့် တွဲဖက်အတွင်းရေးမှူး(၂) ဓညဝတီဦးကျော်ဝင်း တို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် တက်ရောက်လာကြသူများက သက်ကြီးဂီတပညာရှင်များအား မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အမှုဆောင်အဖွဲ့ဝင် တက္ကသိုလ်လဲ့လဲ့ကဦးဆောင်၍ ကန်တော့ချိုး ဖြင့် ပူဇော်ကန်တော့ကြပြီးရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီးဦးရဲတင့်၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)မှ အမှုဆောင်များက ကန်တော့ခံ ဂီတသက်ကြီးပညာရှင်များအား လှူဖွယ်ပစ္စည်းများကို ဂါရဝပြုပေးအပ် ကြ၍ ကန်တော့ခံဂီတ သက်ကြီးပညာရှင်များကိုယ်စား သက်ကြီးဂီတ ပညာရှင် တစ်ဦးက သြဝါဒစကားပြောကြားသည်။
(၁၃)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ပူဇော်ကန်တော့ပွဲတွင် အသက်(၈၀) နှင့် အထက် သက်ကြီးဂီတပညာရှင် တစ်ဦးလျှင်ငွေကျပ် နှစ်သိန်းခွဲနှုန်း၊ အသက်(၈၀) အောက်သက်ကြီး ဂီတပညာရှင် တစ်ဦးလျှင် နှစ်သိန်းနှုန်း၊ တစ်သိန်းခွဲနှုန်းဖြင့် လှူဒါန်းခဲ့ကြပြီး (၁၃)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ပွဲတွင် ဂီတသက်ကြီး ပညာရှင် (၁၆၀) တက်ရောက်ကန်တော့ခံခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)


