နေပြည်တော် ၂၄ ဇူလိုင်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၂) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ (၈၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ကျင်းပခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ကြီးမြတ်သောရည်ရွယ်ချက်များနှင့် အသင်းဝင်များ၏ ကိုယ်ကျိုးမကြည့်ဘဲ ဆောင်ရွက်သောစိတ်ဓာတ်များကြောင့် လုပ်ငန်းများ အောင်မြင်မှုရရှိသည် ကိုတွေ့ရှိရသဖြင့် အသင်းဝင်များအား လေးစားဂုဏ်ပြုပါကြောင်း၊ ယခုနှစ် နိုဝင်ဘာလ တွင် ပြုလုပ်မည့် (၁၃) ကြိမ်မြောက် ကြက်ခြေနီညီလာခံတွင် အသင်း၏ (၃)နှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် အလွှာအသီးသီးမှ ဗဟိုကောင်စီဝင် (၇၁) ဦးအနက်မှ အလုပ်အမှုဆောင် (၁၁) ဦးကို ရွေးချယ်သွားရမည်ဖြစ်ပါကြောင်း၊
ထိုသို့ရွေးချယ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေ၊ နည်းဥပဒေများ၊ ချမှတ်ထားသည့် လမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒီမိုကရေစီလုပ်ထုံး လုပ်နည်းများဖြင့် ပွင့်လင်းမြင်သာစွာ စနစ်တကျ ဆောင်ရွက်သွားစေလိုပါကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို လက်တွေ့ဆောင်ရွက် အကောင်အထည်ဖော်မည့် နည်းဥပဒေများနှင့်အညီ လာမည့် (၂၀၂၀) ပြည့်နှစ်တွင် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုပါကြောင်း။
အသင်းကြီးက လွန်ခဲ့သည့် (၃)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ဘက်စုံခြုံငုံသုံးသပ်ဆန်းစစ်ပြီး အဆိုပါအတွေ့အကြုံများကို အခြေခံ၍ ရှေ့လာမည့်နှစ်များတွင် ပြောင်းလဲဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို မှန်းဆကာ အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်မည့် မဟာဗျူဟာများ၊ ရှေ့လုပ်ငန်းစဉ်များ၊ စီမံချက်များ ရေးဆွဲချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဘေးအန္တရာယ်ဖြစ်စဉ်များတွင် ဆောင်ရွက်ခဲ့သည့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ပြန်လည်ဆန်းစစ်သုံးသပ်ခြင်းဖြင့် အားသားချက်၊ အားနည်းချက်နှင့် လိုအပ်ချက်များကို ထင်ရှားစွာသိရှိနိုင်မည်ဖြစ်ပြီး ရှေ့လာမည့် ကာလများတွင် ပိုမိုကောင်းမွန်ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူက အသင်းကြီး၏ ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှက (၈၁)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက (၈၂)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဒေါ်အမယာမော်နိုင်က အသင်းဌာနချုပ်၏ ၂၀၁၉ ခုနှစ် ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းက အမှုဆောင်အဖွဲ့၏ ဘဏ္ဍာရေးအစီရင်ခံစာနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကြက် ခြေနီကြီးကြပ်မှုကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၂)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ဇူလိုင် ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယနေ့တွင် အစည်းအဝေးဆုံးဖြတ်ချက်များချမှတ်ခြင်း၊ Volunteer on Wheels စီမံချက်အကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြီးကြပ်မှုကော်မတီများသို့ စက်ဘီးများ လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


