ရန်ကုန် ၂၂ ဇွန်
မြန်မာနိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာရှင်များအဖွဲ့၏ ပထမအကြိမ် အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာဘာသာရပ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ နောက်ဆုံးပေါ်နည်းစနစ်များနှင့် အတွေ့အကြုံများကို ဝေမျှဖလှယ်နိုင်မည်ဖြစ်၍ မြန်မာနိုင်ငံမှ မျိုးဆက်သစ် ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည် ဆရာဝန်များ အပါအဝင် ပါဝင်တက်ရောက်သူအားလုံးကို အကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာကင်ဆာ ရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာရှင် အဖွဲ့အစည်းများ အချင်းချင်းနှင့် ဆေးပညာရှင်များ အချင်းချင်း ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ပိုမိုကောင်းမွန် လာမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနတွင် ရန်ကုန်ပြည်သူ့ဆေရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ တောင်ကြီး ပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီးတို့တွင် ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည် ဆေးပညာဌာနများထားရှိကာ ကုသမှုပေးလျက်ရှိပါကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါကုသမှုဌာနတွင် (၂၀၁၈) ခုနှစ်အတွင်း ပျမ်းမျှ ပြင်ပလူနာ (၁၀ဝ၀ဝ)ဦးနှင့် အတွင်းလူနာ (၇၃၀ဝ)ဦး ကုသမှုခံယူခဲ့ပါကြောင်း၊ International Atomic Energy Agency (IAEA) ၏ စံသတ်မှတ်ထားချက်များအရ လူဦးရေ (၂၅၀ဝ၀ဝ)တွင် teletherapy unit (၁)ခု၊ radiation oncologist (၁)ဦး၊ medical physicist (၁) ဦး နှင့် radio therapist (၂)ဦး တို့ရှိရမည်ဖြစ်ပါ၍ မိမိတို့နိုင်ငံအနေဖြင့် အဆိုပါ စံသတ်မှတ်ချက်များနှင့်အညီ ပြည့်မီရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
IAEA နှင့် International Agency for Research on Cancer (IARC) အဖွဲ့တို့အနေဖြင့် မြန်မာနိုင်ငံတွင် အဆိုပါပညာရပ်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးနှင့် စွမ်းဆောင်ရည်မြှင့် သင်တန်းများ တက်ရောက်နိုင်ရေး ပံ့ပိုးပေးစေလိုပါကြောင်း၊ ကင်ဆာ ရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် IAEA စံသတ်မှတ် ချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ တတ်နိုင်သမျှ ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်ချိုဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် Federation of Asian Organization for Radiation Oncology (FARO) Professor Shyam Kishore Shrivastava က FARO အဖွဲ့နှင့် ပတ်သက်သည်များကို မိတ်ဆက်စကား ပြောကြားသည်။
ဆက်လက်၍ South East Asia Radiation Oncology Group (SEAROG) ဥက္ကဋ္ဌ Professor Enrico Tangco က SEAROG အဖွဲ့နှင့် ပတ်သက်သည်များကို မိတ်ဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားတွင် ခင်းကျင်းပြသထားသော ဆေးနှင့်ဆေးပစ္စည်း ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲသို့ မြန်မာ၊ ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကင်ဆာ ရောဂါဆိုင်ရာ ဓာတ်ရောင်ခြည်ဆေးပညာရှင် (၁၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်