နေပြည်တော်  ၇  စက်တင်ဘာ

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၀)အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့  မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အနေနှင့် တစ်နှစ်လျှင် အစည်းအဝေး(၂)ကြိမ်ကျင်းပပြီး ၂၀၂၀ ပြည့်နှစ်အတွက် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို မေလ(၇)ရက် တွင် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ၎င်းအစည်းအဝေးတွင် ကိုဗစ်-၁၉ ဆိုင်ရာ အမျိုးသမီးကဏ္ဍအပေါ် ဆောင်ရွက်ထားရှိမှုများကို အဓိကဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် ကိုဗစ်အလွန်ကာလတွင် အမျိုးသမီးကဏ္ဍမြှင့်တင်ရေးအတွက် မည်သို့ ဆောင်ရွက်ကြမည်ဆိုသည်များပါ ဆွေးနွေးခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေနှင့် အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW)ပါ လုပ်ငန်းဧရိယာ (၁၂)ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့(၄)ဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ NSPAW သည် လာမည့် (၂) နှစ်အတွင်း ပြီးဆုံးတော့မှာဖြစ်သည့်အတွက် အမျိုးသမီးများအတွက် ထိရောက်အကျိုးရှိသည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးရည်ရွယ်ကာ သုံးသပ်ခြင်း၊ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ထား ရှိပါကြောင်း၊

အဆိုပါ လေ့လာဆန်းစစ်ချက်များသည် ထပ်မံရေးဆွဲမည့် NSPAW Phase II အတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးထားသည့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန်အတွက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားရှိသည့်အပြင် လုပ်ငန်းစီမံချက်(မူကြမ်း)ကိုလည်း ရေးဆွဲထားရှိပြီး မကြာမီအတည် ပြုနိုင်တော့မှာဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူနိုင်ရန်နှင့် အမျိုးသမီးများကို ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲထားရှိပြီး အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီတွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများနှင့် နေရပ်ပြန်အမျိုးသမီးများအတွက် အလုပ်အကိုင်ဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးမှုများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင် အမျိုးသမီးအဖွဲ့ (၁၁)ဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကော်မတီဝင်များအနေနှင့် ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ချက်နှင့် ပြန်လည်ထူထောင်ရေး စီမံချက်များရေးဆွဲရာတွင် ကျား-မရေးရာ၊ COVID-19 ၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် အမျိုးသမီးများ၏ ထိခိုက်ခံရလွယ်မှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားပေးစေလိုပါကြောင်း၊ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများအနေနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ (၁/၂၀၂၀)အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြသည်။

ထို့နောက် နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီများ၏ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များမှ ကဏ္ဍအလိုက်အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်း တင်ပြခြင်းများ၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)