ရန်ကုန် ဒီဇင်ဘာ ၃၀ 

မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ တတိယအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် အဆင့်မြင့် စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ ရန်ကုန်မြို့၌  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်‌ရေးကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး က Video Message ပေးပို့၍ အဖွင့်အမှာ စကားပြောကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အသင်းအနေဖြင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအပေါ် ကောင်းစွာ နားလည်သိရှိသဘောပေါက်ပြီး အသင်းသားများ၏ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာစေရန် လစဉ် အသင်းအစည်းအဝေးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ကျင်းပပြုလုပ်၍ ကြီးကြပ် ထိန်းကျောင်းပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ကောင်းမွန်သည့် လုပ်ဆောင်ချက် ဖြစ်၍ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားစေလိုပါကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း။


အသင်းဝင်များအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များ၊ အသင်းနှင့်ကောင်စီတို့မှ ထုတ်ပြန်ထားသည့် လုပ်ငန်းဆောင်ရွက်မှုနှင့်  ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကိုလေးစားလိုက်နာပြီး လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ထားရှိသင့်သည့် သတိ သမ္ပဇဉ်ဖြင့် ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်းဖြင့် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ များ၏ ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ကြစေ လိုပါကြောင်း တိုက်တွန်းပြောကြားသည်။ 

ထို့နောက် အသင်း၏ ဉက္ကဋ္ဌ ဦးမိုးကျော် က အဖွင့်နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး အသင်းတာဝန်ရှိသူ များက အသင်း၏ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြ အတည်ပြုခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်အသစ် ခန့်အပ်ခြင်း၊ ပြင်ပစာရင်းစစ်ခန့်အပ်ခြင်းနှင့် အခကြေးငွေသတ်မှတ်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ ဦးမိုးကျော်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း၏ အသင်းဝင်စုစုပေါင်း (၇၀) တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်