နေပြည်တော်၊   ဒီဇင်ဘာ   ၂၁

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပလျက်ရှိသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်တွင်  ဝန်ကြီးဌာန (၁၆) ခုမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လိုက်လံကြည့်ရှု အား‌ပေးသည်။

လူငယ်နှင့်စာပေအနုပညာပွဲတော်ကို နိုင်ငံသားတိုင်းက အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့် အနုပညာစွမ်းအားဖြင့် အသိပညာ ဗဟုသုတ ကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ် အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်သည်။

အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို “ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဆိုသည့်ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ဝန်ကြီးဌာနများမှ ပြခန်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များကို ခင်းကျင်းပြသထားပြီး ဒီဇင်ဘာ (၂၀) ရက်မှ (၂၂) ရက်အထိ နေ့စဉ်နံနက် (၉) နာရီခွဲမှ  ညနေ (၄) နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

သတင်းစဉ်