ရန်ကုန် ၂ ဇူလိုင်
ကိုဗစ် - ၁၉ ကပ်ရောဂါ စီမံကုစားရာတွင် ထောက်ကူပေးရန်အတွက် မြန်မာနိုင်ငံက ပေးချေရမည့် အမေရိကန်ဒေါ်လာ ၉၈ မီလီယံ (ကျပ်ငွေ ၁၃၄.၅ ဘီလီယံ) ရှိသည့် ကြွေးမြီ ဝန်ဆောင်မှုပေးချေခြင်းများကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးမှ ယနေ့ သတင်းထုတ်ပြန်ထားသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းထံ (ဇူလိုင် ၁ ရက်) ယမန်နေ့က ပေးပို့ခဲ့သော စာလွှာတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဩစတြီးယားနိုင်ငံ၊ ဖင်လန် နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နယ်သာလန်နိုင်ငံ နှင့် ပိုလန်နိုင်ငံတို့သည် ကန်ဒေါ်လာ ၉၈ မီလီယံ (ကျပ်ငွေ ၁၃၄.၅ ဘီလီယံ) ကို ၂၀၂၀ ခုနှစ် မေလမှ ဒီဇင်ဘာလအတွင်း ဆိုင်းငံ့ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံက အဆိုပါ ကာလအပိုင်းအခြားအတွင်း ပေးချေရန်ဝတ္တရားရှိသော ကြွေးမြီဝန်ဆောင်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဝန်းကျင်ဖြစ်သော အတိုးငွေနှင့် ငွေလုံးငွေရင်းပေးချေမှုများကို ဆိုင်းငံ့ထားပေးခဲ့သည်ဟု သိရသည်။
"ဥရောပအသင်းအဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ကြေညာချက်ဟာ ကျွန်တော်တို့ရဲ့ ကိုဗစ် - ၁၉ ကို ကမ္ဘာလုံး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းတုံ့ပြန်တိုက်ဖျက်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်" ဟု ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ သံအမတ်ကြီးများနှင့်အတူ အထက်ပါစာလွှာကို လက်မှတ်ရေးထိုးခဲ့သော ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ပြောသည်။
ဥရောပသမဂ္ဂ၏ ဤကြေညာချက်သည် G20 နှင့် Paris Club တို့က ဧပြီလတွင် သဘောတူညီခဲ့သော ကြွေးမြီဝန်ဆောင်မှုဆိုင်းငံ့ရေး စီမံချက်အရ မြန်မာနိုင်ငံအတွက် ပထမဆုံး အတည်ပြုလိုက်သော ကြွေးမြီဆိုင်းငံ့ခြင်း ဖြစ်ကြောင်းသိရသည်။
"ဒီစီမံချက်အရ ဥရောပဟာ ကြွေးမြီပြန်ဆပ်ခြင်းကို ဆိုင်းငံ့ပေးထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုဆိုရင် ပြည်သူ့ဘဏ္ဍာတွေကို ကျန်းမာရေးကဏ္ဍနဲ့ ထိခိုက်လွယ်ဆုံးသူတွေအတွက်၊ ဆက်ပြီး လည်ပတ်နိုင်ဖို့ ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရေရှည်တည်တံ့နိုင်တဲ့ စီးပွားရေး နာလန်ထူမှုရအောင် ကူညီဖို့အတွက် အသုံးချနိုင်ပါပြီ" ဟု သံအမတ်ကြီး Schmidt က ဆက်လက်ပြောကြားသည်။
ဥရောပသမဂ္ဂသည် ဧပြီလမှစ၍ ကိုဗစ် - ၁၉ အကျပ်အတည်းကာလကြောင့် အပြင်းထန်ဆုံး ထိခိုက်နစ်နာခဲ့ရသော ကဏ္ဍများအတွက် ရန်ပုံငွေများ စုစည်းအသုံးချခြင်းနှင့် စီမံကိန်းများအား အရေးပေါ်အခြေအနေနှင့် ကိုက်ညီစေရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မေသက်ထား


