နေပြည်တော် ဇန်နဝါရီ ၁၇
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing )ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက်က မြန်မာနိုင်ငံမှ ပထမအကြိမ် လျှောက်လဲခြင်းဆောင်ရွက်ရာတွင် မြန်မာ၏ ကိုယ်စားလှယ် (Agent) ဖြစ်သူ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက် အကျဉ်းချုပ်၊ တရားစွဲဆိုမှုများ၏ အကန့်အသတ် နယ်ပယ်နှင့် နောက်ခံအချက်အလက်များကို လျှောက်လဲရာတွင် “ရိုဟင်ဂျာ”နှင့် “ကုလား” အသုံးအနှုန်းများ၏ ဇာစ်မြစ်များနှင့် သမိုင်းကြောင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်များမှာ ဗြိတိသျှကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံသို့ ဘင်္ဂလားနယ်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဤအမှုတွင် အဓိကအားပြု၍ ကိုးကားအသုံးပြုထားသည့် ကုလသမဂ္ဂအချက် အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission- FFM)၏ အစီရင်ခံစာများနှင့် ၎င်းက စုဆောင်း ကောက်ယူထားသည့် ထွက်ဆိုချက်များသည် တရားရုံးက ထည့်သွင်းစဉ်းစားသင့်သည့် သက်သေအဆင့်အတန်းမမီပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (Indep-endent Investigative Mechanism for Myanmar- IIMM))သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအတွက် သက်သေစုဆောင်းမည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည့်ကာလအတွင်း ယခုအမှုအတွက် သက်သေထွက်ဆိုချက် ၄၂ ခုသာ ထောက်ပံ့ပေးနိုင်ပြီး ယင်းတို့အနက် ဂမ်ဘီယာက ၁၂ ခုကိုသာ ကိုးကားထားကြောင်း၊ မြန်မာအနေဖြင့် အထက်ပါအဖွဲ့အစည်းနှစ်ခုလုံးကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုသော်လည်း ဂမ်ဘီယာ၏ သက်သေအကိုးအကားများကို ချေဖျက်ရုံမျှသာ ကိုးကားဖော်ပြခြင်းဖြစ်ကြောင်းစသည်ဖြင့် ချေပ လျှောက်လဲသည်။ (မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker ၏ ချေပလျှောက်လဲချက်များကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် မြန်မာနိုင်ငံ၏ရှေ့နေ Prof. Alina Miron က အသုံးချဥပဒေ (လူမျိုးသုဉ်းစေမှုဆိုင်ရာ သဘောတူစာချုပ်)ပါ ပြဋ္ဌာန်းချက်များအရ လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မြောက်ခြင်း/ မမြောက်ခြင်းနှင့် ပတ်သက်၍ လျှောက်လဲတင်ပြရာတွင် ဂမ်ဘီယာအနေဖြင့် တရားရုံး၏ ယခင်စီရင်ထုံးများ၊ ယခင် ယူဂိုဆလားဗီးယားနိုင်ငံအတွက် ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICTY) စီရင်ထုံးများ၊ ကြားဖြတ်ဝင်ရောက်သည့် နိုင်ငံများကို ကိုးကား၍ လျှောက်လဲထားသော်လည်း အမှန်မှာမူ တရားရုံး၏ သုံးသပ်ဆုံးဖြတ်မှုများနှင့်မတူညီဘဲ လိုရာဆွဲထားခြင်းဖြစ်ကြောင်း ချေပလျှောက်လဲသည်။ (မြန်မာနိုင်ငံ၏ရှေ့နေ Prof. Alina Miron ၏ ချေပလျှောက်လဲချက်ကို စာမျက်နှာ - ၄ တွင်ဖော်ပြ ထားပါသည်။)
ဆက်လက်၍ မြန်မာနိုင်ငံ၏ရှေ့နေ Mr. Stefan Talmon နှင့် Ms. Chiara Cordone တို့က သက်သေပြရန်တာဝန်ရှိမှု၊ သက်သေပြသည့်နည်းလမ်းများနှင့်ပတ်သက်၍ လျှောက်လဲတင်ပြရာတွင် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုချေမှုန်းရေး ဆောင်ရွက်ချက်များသည် ဂမ်ဘီယာက စွပ်စွဲလျှောက်လဲထားသကဲ့သို့ လူမျိုးသုဉ်းစေခြင်းမှလွဲ၍ အခြားကောက်ယူရမည့် သုံးသပ်ချက်လုံးဝမရှိသည့် အခြေအနေမဟုတ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် တရားရုံးတော်၏ ကိုယ်ပိုင်စဉ်းစားသုံးသပ်၍ ဆုံးဖြတ်ပေးရမည့် အခန်းကဏ္ဍကိုလျစ်လျူရှု၍ FFM ၏ ကောက်ချက် တစ်ခုတည်းအပေါ်သာအားပြု၍ လူမျိုးသုဉ်းစေမှုမြောက်သည်ဟု တရားရုံးကဆုံးဖြတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း ချေပလျှောက်လဲသည်။ (မြန်မာနိုင်ငံ၏ရှေ့နေ Mr. Stefan Talmon နှင့် Ms. Chiara Cordone တို့၏ ချေပလျှောက်လဲချက်များကို စာမျက်နှာ - ၅ တွင်ဖော်ပြထားပါသည်။)
ချေပလျှောက်လဲ
ယင်းနောက် မြန်မာနိုင်ငံ၏ရှေ့နေ Ms. Leigh Lawrie KC က Arakan ရိုဟင်ဂျာလွတ်မြောက်ရေး တပ်မတော် (ARSA) အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်၍ လျှောက်လဲတင်ပြရာတွင် အာဆာဖြစ်ပေါ်ပြောင်းလဲလာပုံနှင့် စုဖွဲ့လေ့ကျင့်မှု၊ အရပ်သားများကို အင်အားစုဆောင်းမှုများအကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် အာဆာ၏ စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်မှုချေမှုန်းရေး၊ အခြားလုံခြုံရေးအစီအမံများ တန်ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အာဆာ၏ဖြစ်တည်မှုကို ဂမ်ဘီယာက ဖုံးအုပ်လျှော့ချပြီး လျှောက်လဲထားခြင်းမှာ မမှန်ကန်ကြောင်း၊ အာဆာသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ကြီးစိုးခြိမ်းခြောက်မှုရှိကြောင်း၊ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူများ ရာနှင့်ချီ၍ အစုလိုက်သတ်ဖြတ်ခံရခြင်းတွင် အာဆာက ကျူးလွန်သည့်ပုံစံ၊ သက်သေများကိုခြိမ်းခြောက်ပြီး လိမ်ညာထွက်ဆိုစေသည့်ပုံစံ စသည်တို့သည် ဤအမှုတွင် တရားရုံးက သေချာစွာထည့်သွင်း စဉ်းစားသင့်သည့်အချက်အလက်များဖြစ်ကြောင်း ချေပလျှောက်လဲခဲ့ကြောင်း သိရသည်။
သတင်းစဉ်


