မန္တလေး ၂၆ ဇူလိုင်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လာမည်သြဂုတ်လ မှ စတင်၍ ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် ဆန်တန်ချိန် တစ်သိန်းတင်ပို့သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်ကြီးများ အသင်း အတွင်းရေးမှူး၊ မန္တလေးဆန်းစပါးဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းကျော်ထံမှ သိရသည်။

‘’ယခုချုပ်ဆိုတဲ့ ဆန်တန်ချိန်တစ်သိန်းက မြန်မာနိုင်ငံ မည်သည့်ဒေသကမဆို ထွက်ရှိတဲ့ ဆန်လုံးရှည် မည်သည့်ဆန်အမျိုးအစားမဆို တင်ပို့ရန် သဘောတူညီခဲ့ပါတယ်၊ဆန်အဟောင်းရော/အသစ်ရော တင်ပို့ရန် သဘောတူခဲ့ပြီး မြန်မာနိုင်ငံဆန်ရောင်းချင်တဲ့ ကုန်သည်တွေနဲ့ တရုတ်နိုင်ငံမှ ဆန်ဝယ်ချင်တဲ့ ကုန်သည်တွေ ချိတ်ဆက် တဲ့သဘောပါ၊’’ ဟု ၎င်းက ပြောကြားသည်။

ကုန်စည်ဖလှယ်သည့် စနစ်နဲ့ ဆန်တန်ချိန်တစ်သိန်းကို သတ်မှတ်ကာလ(၁၀)လအတွင်းတင်ပို့ရန် မြန်မာနိုင်ငံ မှ မန္တလေးဆန်စပါးဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ရွှေချိုင့် ကုမ္ပဏီ တို့ ဇူလိုင် ၂၅ ရက် နေ့က မန္တလေးမြို့မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တင်သွင်းတဲ့ဆန်အမျိုးအစားနဲ့ အရည်အသွေးကို တန်ဖိုးသင့်ပြီး တရုတ်နိုင်ငံက ကုန်ပစ္စည်း ပြန်သွင်းမှာပါ၊ မြန်မာနိုင်ငံမှာ လက်ရှိ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေပဲပြန်သွင်းမှာပါ၊ လက်ရှိစာချုပ်ထဲမှာတော့ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာတွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေ၊ ဆေးဝါးဆိုင်ရာပစ္စည်းတွေ၊ သံ/သံမဏိ အိမ်ဆောက်ပစ္စည်းတွေ ပြန်လည်တင်သွင်းဖို့ သဘောတူထားပါတယ်၊ ကုန်စည်ဖလှယ်တဲ့စနစ်ဆိုတော့ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးမှာ ခွင့်ပြုထားတဲ့ ကင်းလွတ်ကုန် မှန်သမျှ ပြန်သွင်းလို့ ရပါတယ်၊ လက်ရှိ ကုန်ပစ္စည်းတွေရဲ့ ပေါက်ဈေးထက် ၅ ရာခိုင်နှုန်း လျှော့ပေးမယ်လို့လည်း ပြောထားပါတယ်” ဟု  ဦးစိုင်းကျော်က ပြောကြားသည်။

အဆိုပါ ကုန်စည်ဖလှယ်စနစ်ဖြင့် တင်ပို့ ဆန်တန်ချိန်တစ်သိန်းကို တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရောင်းချခွင့်ရထားသော ကုမ္ပဏီ(၁၁)ခုတွင် တစ်ခုအပါအဝင်ဖြစ်သော မန္တလေးဆန်စပါးဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီမှ တင်ပို့သွားမည်ဖြစ်ကာ ဆန်ဈေးနှုန်းများကို မြန်မာနိုင်ငံမှာတင် ဈေးနှုန်းသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

‘’ခုလိုတင်ပို့တဲ့အတွက် စပါးစိုက်တောင်သူတွေနဲ့ ဆန်စက်လုပ်ငန်းရှင်တွေ အဆင်ပြေလာနိုင်ပါတယ်၊ ကုန်သည်တွေကတော့ နည်းနည်းအခက်အခဲရှိလာမယ်၊ဘာလို့လဲဆိုတော့ ကုန်သည်တွေက ငွေရလာမှာ မဟုတ်ဘူး၊ ပစ္စည်းပဲရလာမှာ၊ အဲတော့ ကုန်သည်တွေ import သမားတွေ လိုက်ချိတ်ရတော့မယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဆန်တစ်ပိုင်းလျှင် ၇၄၇အမျိုးအစားကို ၉၂ ယွမ်၊ အရှည်စကို ၉၅/၉၆ ယွမ် ဈေးပေါက်နေကြောင်း သိရပြီး  တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ဆန်အိတ်ရေ (၄၀ဝ၀/၅၀ဝ၀) တင်ပို့နေကြောင်း ၎င်းထံမှ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)