ရန်ကုန် ၂၃ မေ
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင် ရေးအသင်းအနေဖြင့် လူငယ်များ မူးယစ်ဆေးဝါး၏ သားကောင်ဘဝသို့ မကျရောက်စေရန် အသိပညာပေး ဟောပြောမှုများကို အဓိကဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားသည်။
“ကျွန်တော်တို့အသင်းရဲ့ အဓိကပန်းတိုင်ကတော့ မူးယစ်ဆေးဝါးကင်းစင်ပြီး ကျန်းမာကြံ့ခိုင်တဲ့မြန်မာ့လူ့ဘောင် အသိုက်အဝန်း ထူထောင်ရေး ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံသားကောင်း လူငယ်လေးတွေ/ ကျောင်းသား လူငယ်လေးတွေကို မူးယစ်ဆေးဝါးရဲ့ သားကောင်ဘဝမကျရောက်အောင်၊ မူးယစ်ဆေးဝါးရဲ့ ဘေးအန္တရာယ်ဆိုးကျိုးတွေကို အသိပညာပေး ဟောပြောမှုတွေ အဓိကထား ဆောင်ရွက်ပေးနေပါတယ်။ အသင်းရဲ့ အားနည်းချက်တွေကို သုံးသပ်ပြီး အကောင်းဆုံးဆောင်ရွက်သွားနိုင်ဖို့လည်း နှစ်ပတ်လည် အစည်းအဝေးတွေကို ကျင်းပလာတာ အခုဆိုရင် အကြိမ် ၂၀ မြောက်ရှိပါပြီ” ဟု ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းရှိ မြန်မာနိုင်ငံမူးယစ်ဆေးဝါးပြတိုက် အစည်းအဝေးခန်းတွင် ကျင်းပသော မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)၏ အကြိမ် ၂၀ မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ ယနေ့ကျင်းပသော အကြိမ် ၂၀ မြောက်အစည်းအဝေးတွင် အသင်းကြီးသို့ စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်ခြင်း၊ အသင်း(ဗဟို)မှ အစီရင်ခံစာ တင်သွင်းခြင်းနှင့် ငွေကြယ်ပွင့်လူငယ်အသင်း၊ လူငယ့်အားမာန်အသင်း၊ တံလျှပ်သုတရသ သတင်းဂျာနယ် တို့မှ လူငယ်ထုအကြား မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင် ပြခဲ့ကြသည်။
“မူးယစ်ဆေးဝါးဟာ ဦးနှောက်နဲ့အာရုံကျောကို ထုံထိုင်းစေတယ်။ သုံးတာများရင် စိတ်စွဲလန်းမှုရောဂါတွေ ဖြစ်လာမယ်။ နေ့စဉ်ရက်ဆက်သုံးစွဲရင် ခန္ဓာကိုယ်ကို ထိခိုက်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တဲ့ဆိုးကျိုးတွေဖြစ်ပေါ်စေပါတယ်။ အခုအခါမှာ မူးယစ်ဆေးဝါးဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှာ သုံးစွဲ မှုပိုမိုများပြားလာနေပါတယ်” ဟု မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို) နာယက ဦးတင်လှိုင် က ပြောကြားသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရိုင်အဆင့် (၃၁)သင်း၊ မြို့နယ်အဆင့် (၁၅၄)သင်း ဖွဲ့စည်းထားပြီး အသင်းဝင်ပေါင်း ၃၆၀ဝ၀ ကျော်ရှိကြောင်း သိရသည်။ အသင်းအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်အသိ ပညာပေးလုပ်ငန်းများ၊ ဟောပြောမှု့များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမူးယစ် ဆေးဝါးဆန့်ကျင်ရေအသင်း(ဗဟို)၏ အကြိမ် (၂၀)မြောက် နှစ်ပတ်လည်အစည်းအဝေးကို မေလ ၂၄ ရက်နေ့၌ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း