မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံ ကိုဒိုကန်ဂျူဒိုတက္ကသိုလ်မှ ခါးစည်းအဆင့်သတ်မှတ်ခြင်း လက်မှတ်ရယူနိုင်တော့မည်

ရန်ကုန် ၂၄ ဩဂုတ် 


မြန်မာ့ဂျူဒိုအားကစား မောင်မယ်များက ဂျပန်နိုင်ငံရှိ ကိုဒိုကန် ဂျူဒိုတက္ကသိုလ်မှ ချီးမြှင့်သော ကိုဒိုကန်ခါးစည်း DAN အဆင့် သတ်မှတ်ခြင်းကို မြန်မာနိုင်ငံ၌ပင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်က ချီးမြှင့်ပေးအပ်နိုင်ရေးအတွက် ဩဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံ သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းထံမှ သိရသည်။


လက်မှတ်ရေးထိုး


နှစ်နိုင်ငံသဘောတူ စာချုပ်ချုပ်ဆိုပွဲကို ဂျပန်နိုင်ငံ ကိုဒိုကန် ဂျူဒိုတက္ကသိုလ်အစည်းအဝေးခန်းမ၌ ဂျပန်နိုင်ငံကိုယ်စားပြု ကိုဒိုကန် ဂျူဒိုတက္ကသိုလ် President Mr.Haruki Uemura နှင့် မြန်မာနိုင်ငံကိုယ်စားပြုမြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။


မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်သည် ၁၉၅၈ ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး ခါးစည်း DAN အဆင့်(၅)ရှိသော အားကစားသမား ငါးဦးသာ ရှိခဲ့သည်။ အဆိုပါ ခါးစည်းအဆင့် DAN ကို ဂျပန်နိုင်ငံ၏ ကိုဒိုကန်ဂျူဒိုတက္ကသိုလ်မှ ကိုယ်စား လှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်မှသာ ရယူနိုင်ခြင်းဖြစ်သောကြောင့် အချို့သော ဂျူဒိုအားကစားသမား များသည် အသက်အရွယ်ကြီးရင့်မှသာလျှင် DAN အဆင့်သတ်မှတ်ခြင်းခံခဲ့ကြရသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်က နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ သဖြင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်နိုင်ခဲ့သလို၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများ ၏ အနာဂတ်အတွက်လည်း များစွာအထောက်အကူဖြစ်စေခဲ့ ကြောင်း မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ ခါးစည်း DAN အဆင့် (၅)ရှိသော ဂျူဒိုအားကစားသမားတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ 


ဂျူဒိုအားကစားသမားများ အခွင့်အလမ်းများရရှိရေး


မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း Tokyo 2019 Congress အခမ်းအနားသို့ တက်ရောက်လျက် ရှိသော အာရှဂျူဒိုအဖွဲ့ချုပ်နှင့် နိုင်ငံတကာဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ များနှင့် သီးခြားစီတွေ့ဆုံပြီး မြန်မာ့ဂျူဒိုအားကစား ဖွံ့ဖြိုး တိုးတက်ရေး၊ ပြန့်ပွားစေရေးနှင့် မျိုးဆက်သစ် ဂျူဒိုအားကစား သမားများ အခွင့်အလမ်းကောင်းများ ရရှိစေရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ ပြောကြား ချက်အရ သိရသည်။


စောသိန်းဝင်း