ရန်ကုန် ၁၂ မေ
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေး ၊ ပညာရပ်ဆိုင်ရာဟောပြောပွဲ၊ ပညာပေး ပြခန်းများခင်းကျင်းပြသပွဲနှင့် ရေထွက်ပစ္စည်းဈေးပွဲတော် အခမ်းအနား (ဒုတိယနေ့)ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ ဘုရင့်နောင်လမ်းမကြီး နှင့်ဆေးဝါးစက်ရုံလမ်းထောင့်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ အမှာစကား ပြောကြားသည်။
အဆိုပါအခမ်းအနားကို မေ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ကြာကျင်းပလျက်ရှိရာ ယနေ့ နံနက် ၉ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာအောင်သူ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်း ဝင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝဏ်ဏကျော်ထင် ဦးဋ္ဌေးမြင့်၊ ရန်ကုန်မြို့ ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခင်းကျင်းပြသထားသည့် ပြခန်းနှင့် အရောင်း ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ၁၈ကြိမ်၊၁၉ ကြိမ်နှင့် ၂၀ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို အဆိုပါအဖွဲ့ချုပ်ရှိ သီရိအဏ္ဏဝါခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် မိမိ စတင်တာဝန်ထမ်း ဆောင်ချိန်မှစ၍ ဒုတိယကာလတို (၅)နှစ် လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များကိုရေးဆွဲပြီး မူဝါဒ(၁၀)ရပ်ကိုချမှတ်၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့်အပြင် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS)ကိုလည်းရေးဆွဲပြီး စိုက်ပျိုးရေး၊ သားငါး ကဏ္ဍ အပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် ငါးလုပ်ငန်းဦးစီးဌာနအနေနှင့်လည်း ငါးလုပ်ငန်းရေရှည်စဉ် ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်ထားရှိပြီး မူဝါဒ၊ ရည်မှန်းချက် (၆)ရပ်၊ လုပ်ငန်းစဉ်(၂၅)ရပ် ချမှတ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်၍ နည်းပညာပံ့ပိုး အကူအညီနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေ သကဲ့သို့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်အနေနှင့်လည်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အတွက် မြန်မာနိုင်ငံ၏ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြု လျက်ရှိကြောင်း။
ပင်လယ်ပြင်ငါးလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွား နိုင်ရေး၊ သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများ၊ ငါးလုပ်ငန်း ဆိုင်ရာ ကဏ္ဍအလိုက် စီမံကိန်းများကို FAO ကဲ့သို့ အဖွဲ့အစည်းကြီးများအပြင် နိုင်ငံတကာအကူအညီအဖြစ် World Fish, EU-GIZ, DANIDA, JICA, KOICA စသော အဖွဲ့အစည်းများ၊ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီ ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
ထို့ကြောင့် ရေလုပ်ငန်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ စံနှုန်း၊ စည်းမျဉ်း စည်းကမ်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာလိုက်နာပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ထို့အပြင် ဈေးကွက်ဝယ်လိုအားရှိသည့် ဥရောပနိုင်ငံများကိုလည်း ပင်လယ်ပြင်မှရရှိသည့် ရေထွက်ပစ္စည်းများအပြင် မွေးမြူရေးမှရရှိသည့် ရေထွက်ကုန် ပစ္စည်းများကိုတင်ပို့ခွင့်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါတွင် EU သို့ မွေးမြူရေးငါး/ပုစွန်များကို တင်ပို့ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း။
EU နိုင်ငံများကို မွေးမြူရေးငါး/ပုစွန်တွေ တင်ပို့ခွင့်ရရှိသော်လည်း မြန်မာနိုင်ငံမှာရှိသည့် ငါး/ပုစွန်မွေးမြူသူများအနေဖြင့် EU Standard နှင့် အညီဖြစ်စေရေး၊ ၎င်းတို့လိုလားသည့် မွေးမြူရေး ထွက်ကုန်ဖြစ်စေရေးနှင့် ရေထွက်ကုန်ပစ္စည်းများမှာ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက်လည်း လွန်စွာ အရေးကြီးသည့်အတွက် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပြီး ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များ အနေဖြင့် လည်း ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် စနစ်အတိုင်း မွေးမြူ ထုတ်လုပ်ကြရန် အထူး လိုအပ်သည့် အတွက် လိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ၊မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝဏ်ဏကျော်ထင် ဦးဋ္ဌေးမြင့်တို့က အမှာစကား ပြောကြား ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့ စည်းမျဉ်းပြင်ဆင်ဖြည့်စွက်ချက်များနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့အား ဖတ်ကြားတင်ပြကာ အတည်ပြုချက်ရယူသည်။
ထို့နောက် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ၂၀၁၇ -၂၀၂၂ ခုနှစ် သတ္တမသက်တမ်း ကာလအတွက်ရွေးချယ်တင်မြောက်ခြင်းခံရသည့် ဗဟို အလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင် များစာရင်းကြေညာခြင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အသင်းသား၊ အသင်းသူများ၏ သားသမီးများအား ပညာရည်ချွန်ဆုများပေးအပ်ခြင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ အလှူငွေများပေးအပ်လှူဒါန်းခြင်း၊ နိုင်ငံတကာ ထူးချွန်ဆုနှင့် ထူးချွန် Cerfiticate ရရှိသူ အသင်းဝင် ကုမ်ပဏီနှင့် အသင်းဝင်းများအား ချီးကျူး ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ရုံးအဖွဲ့ဝင်ထမ်းများအား ဝန်ထမ်းဂုဏ်ပြုဆုကြေး (Bonus)ပေးအပ်ခြင်း တို့ကိုပြုလုပ်ကြပြီး မွန်းလွဲပိုင်း တွင် ငါး၊ ပုစွန်မွေးမြူရေးနှင့် ရေထွက်ပစ္စည်းဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဟောပြောပွဲများ ကိုကျင်းပသည်။
မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင် ရန်နှင့် နိုင်ငံတကာဈေးကွက် အတွင်းဝင်ရောက်ထိုးဖောက်ကာ မြန်မာ့ရေထွက် ပစ္စည်းများပိုမိုရောင်း ချနိုင်ရန် ရည်ရွယ်၍ အဆိုပါအခမ်းအနားကိုကျင်းပခြင်းဖြစ်သည်။
သုံးရက်ကြာပြုလုပ်လျက်ရှိသည့် အဆိုပါ အခမ်းအနားတွင် မြန်မာ့ရေထွက်ဈေးပွဲတော်အဖြစ် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှလာရောက်ပြသည်သည့် ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပညာပေး ပြခန်းများ၊ နည်းပညာပြခန်းများ၊ ပြည်တွင်း၊ ပြည်ပ အလှမွေးငါးပြခန်း ကိုခင်းကျင်းပြသလျက်ရှိသည်။
ထို့အပြင် ငါး၊ပုစွန် ၊ ဂဏန်း စသည့်ရေထွက် ပစ္စည်းများနှင့် ပင်လယ်စာများကိုချက်ပြုတ် ရောင်းချသည့် အစီအစဉ်များအပြင် ငါး၊ ပုစွန်၊ ဂဏန်း၊ ငါးပိ၊ ငါးခြောက် စသည့် ရေထွက်ပစ္စည်း အရောင်းဆိုင်များ၊ ရေထွက်ပစ္စည်းအဆင့်မြင့် ထုတ်ကုန်အရောင်းဆိုင်များ နှင့် အသင့်စားသုံးနိုင်သော ပြည်ပပို့ကုန် ရေထွက်ပစ္စည်းဆိုင်များကို လည်းဖွင့်လှစ်ရောင်းချလျက်ရှိသည်။
ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ပထမနေ့ ညပိုင်းတွင် တေးသံရှင်ဒေါ်ရီရီသန့်၏ မြန်မာသံစဉ်တေးသီချင်းဖျော်ဖြေမှုများဖြင့် လည်းကောင်း၊ ဒုတိယနေ့(ယနေ့)တွင် ပဉ္စလက် ကိုခိုင်က မျက်လှည့် အစီအစဉ်များဖြင့်လည်းကောင်း၊ တတိယနေ့(မေ ၁၃ ရက်)တွင် ဟား ညီနောင် အငြိမ့် အဖွဲ့တို့က လည်းကောင်း နေ့စဉ် ည ၇ နာရီတွင် ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်