ရန်ကုန် ၁၁ မေ

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေး၊ ပညာရပ်ဆိုင်ရာဟောပြောပွဲ၊ ပညာပေးပြခန်းများ ခင်းကျင်းပြသပွဲနှင့် ရေထွက်ပစ္စည်းဈေးပွဲတော် အခမ်းအနားကို ယနေ့မှစတင်ကာ မေ ၁၃ ရက်အထိ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ ဘုရင့်နောင်လမ်းမကြီးနှင့် ဆေးဝါးစက်ရုံလမ်းထောင့်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ကျင်းပလျက်ရှိသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကို တည်ထောင်တာ နှစ်ပေါင်း ၂၀ ရှိပါပြီ။ အခုအစည်းအဝေးကတော့ နှစ် ၂၀ ပြည့် နှစ်ပတ်လည်အစည်းအဝေးကြီးပါ။ ဒီအစည်းအဝေးမှာတော့ နှစ်ပတ်လည် အစည်းအဝေးကြီးအပြင် အထူးအစီအစဉ်တွေအနေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ၊ ဟောပြောပွဲတွေ၊ ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်နဲ့ ပညာပေးပြခန်းတွေလည်း ပါပါတယ်။ စိတ်ပါဝင်စားသူတိုင်း လာရောက်လေ့လာနိုင်ပါတယ်”ဟုပြောသည်။

 

mdn

 

ဆက်လက်၍ ၎င်းက “တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင် ဒီလိုပြပွဲတွေကို ပြည်တွင်းအဆင့် သာမက ပြည်ပနိုင်ငံတွေလည်း ဖိတ်ခေါ်ပြီး လုပ်တာမျိုးတွေရှိပါတယ်။ ကျွန်တော်တို့လည်း လုပ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ ငါးလုပ်ငန်းကဏ္ဍဟာ အဓိကကျတဲ့ ကဏ္ဍတစ်ခုအနေနဲ့ အထောက်အကူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီယုံကြည်ချက်နဲ့ ကျွန်တော်တို့ဒီပွဲတွေကို လုပ်နေတာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်အတွင်း ဝင်ရောက်ထိုးဖောက်ကာ မြန်မာ့ရေထွက် ပစ္စည်းများ ပိုမိုရောင်းချနိုင်ရန် ရည်ရွယ်၍ အဆိုပါအခမ်းအနားများကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အခမ်းအနား ပထမနေ့(ယနေ့)ညနေ ၅ နာရီခွဲတွင် မေ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပမည့် နှစ်ပတ်လည်အစည်းအဝေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရှိ သီရိအဏ္ဏဝါခန်းမတွင် ပြုလုပ်ရာ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ  ကိုယ်စားလှယ်များက မြန်မာနိုင်ငံငါးလုပ်ငန်းနှင့် ရေထွက်ပစ္စည်း ပိုမိုဖွံ့ဖြိုးရေးအတွက် ကြိုတင်ဆွေးနွေးမှုများပြုလုပ်ကြသည်။

အလားတူ အစည်းအဝေး ဒုတိယနေ့နံနက်ပိုင်းတွင် နှစ်ပတ်လည်အစည်းအဝေး စည်ကားခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ပြီး မွန်းလွဲပိုင်းနှင့် အစည်းအဝေး တတိယနေ့တို့တွင် ငါး၊ ပုစွန် မွေးမြူရေးနှင့် ရေထွက်ပစ္စည်းဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဟောပြောပွဲများကို ကျင်းပသွားမည် ဖြစ်သည်။

 

mdn

 

သုံးရက်ကြာပြုလုပ်မည့် အဆိုပါအခမ်းအနားတွင် မြန်မာ့ရေထွက်ဈေးပွဲတော်အဖြစ် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ လာရောက်ပြသည်သည့် ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပညာပေးပြခန်းများ၊ နည်းပညာပြခန်းများ၊ ပြည်တွင်း၊ ပြည်ပ အလှမွေးငါးပြခန်းများကို ခင်းကျင်းပြသထားသည်။

ထို့ပြင် ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ပစ္စည်းများနှင့် ပင်လယ်စာများကို ချက်ပြုတ်ရောင်းချသည့် အစီအစဉ်များအပြင် ငါး၊ ပုစွန်၊ ဂဏန်း၊ ငါးပိ၊ ငါးခြောက် စသည့် ရေထွက်ပစ္စည်း အရောင်းဆိုင်များ၊ ရေထွက်ပစ္စည်းအဆင့်မြင့် ထုတ်ကုန်အရောင်းဆိုင်များနှင့် အသင့်စားသုံးနိုင်သော ပြည်ပပို့ကုန် ရေထွက်ပစ္စည်းအရောင်းဆိုင်များလည်း ပါဝင်ကြောင်း သိရသည်။ 

ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ပထမနေ့(ယနေ့) ညပိုင်းတွင် တေးသံရှင်ဒေါ်ရီရီသန့်၏ မြန်မာသံစဉ် တေးသီချင်းဖျော်ဖြေမှုများဖြင့်လည်းကောင်း၊ ဒုတိယနေ့ (မေ ၁၂ရက်)တွင် ပဉ္စလက် ကိုခိုင်က မျက်လှည့်အစီအစဉ်များဖြင့် လည်းကောင်း၊ တတိယနေ့(မေ ၁၃ ရက်)တွင် ဟားညီနောင် အငြိမ့် အဖွဲ့တို့တို့ကလည်းကောင်း နေ့စဉ် ည ၇ နာရီတွင် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်