နေပြည်တော် ၁၁ စက်တင်ဘာ
မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ပထမအကြိမ်ကုန်သွယ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေး (1st Meeting of Joint General (Trade) Working Group Committee)ကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ နှစ်နိုင်ငံသက်ဆိုင်ရာဌာန များအကြား Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းမင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် Mr. Chun Yoon-jong တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ယခုနှစ်အတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုရည်မှန်းချက်တစ်ခု သတ်မှတ်နိုင်ရေး နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးရေးကဏ္ဍတွင် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် ဆွေးနွေးခဲ့သည်။
ထို့အပြင် ရော်ဘာ၊ စားသောက်ကုန် ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများအား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံဖြိုးတိုးတက်စေရန်အတွက် အလားအလာရှိသည့် လုပ်ငန်းနယ်ပယ်များအဖြစ် သတ်မှတ်၍ အကူအညီများပေးအပ်ရန်နှင့် ရင်းနှီးစွာဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် မြန်မာဘက်မှ ဆွေးနွေးခဲ့မှုအပေါ် ကိုရီးယားနိုင်ငံဘက်က အနာဂတ်တွင် အကူအညီပေးနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာရှိသည့်ကုန်စည်များ အထူးသဖြင့် စားသောက်ကုန် ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းနှင့် အထည်ချုပ်ကဏ္ဍတို့အတွက် ကိုးရီးယားနိုင်ငံဘက်မှ MKATRI (Myanmar-Korea Apparel Testing Research Institute) တည်ထောင်ရန်နှင့် TASK (Technology Advice and Solutions from Korea) စီမံကိန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်။ ကိုရီးယားနိုင်ငံအနေဖြင့် ရော်ဘာကဏ္ဍ တိုးတက်ကောင်းမွန်စေရေးအတွက် အကူအညီများပေးအပ်ရန်လည်း ကတိပြုခဲ့သည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်က ကိုရီးယားနိုင်ငံဘက်မှ “ကုန်သွယ်မှုမြှင့်တင်ရေးအတွက် MYANTRADE သင်တန်းအစီအစဉ်” နှင့် “Korea Desk တည်ထောင်ခြင်း” တို့အပေါ် အလေးထားဆွေးနွေးခဲ့ပြီး မြန်မာ- ကိုရီးယားနှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေးအတွက် MYANTRADE အဖွဲ့အစည်းအား စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ပိုမိုအားကောင်းလာစေရန် ကိုရီးယားနိုင်ငံဘက်မှ ပေးအပ်ခဲ့သော ကူညီထောက်ပံ့မှုများအတွက် မြန်မာနိုင်ငံဘက်မှ ကိုရီးယားသမ္မတနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် ကိုရီးယားနှစ်နိုင်ငံတို့တွင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေကြသော နှစ်နိုင်ငံမှကုမ္ပဏီများ၏ စီးပွားရေးဆိုင်ရာ အခက်အခဲများဖြေရှင်းရန်နှင့် ဈေးကွက်ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကလမ်းကြောင်းတစ်ခုအဖြစ် Korea Desk အား အောင်မြင်စွာဖွင့်လှစ်သွားနိုင်ရေး နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြမည့် နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူများအတွက် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိစေနိုင်မည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြေငြာစာအချိုု့အား မြန်မာနိုင်ငံဘက်မှ အသိပေးမျှဝေခဲ့သည်။
ယခုအစည်းအဝေးသည် မြန်မာ-ကိုရီးယားနှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်သော်လည်း နှစ်နိုင်ငံအကြား ခိုင်မာသည့်ချစ်ကြည်ရင်းနှီးမှုအရ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုချောမွေ့စေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြပြီး နှစ်နိုင်ငံစလုံးအတွက် အလွန်အကျိုးဖြစ်ထွန်းစေပြီး အောင်မြင်သည့် အစည်းအဝေးတစ်ခုဖြစ်သည်။
အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များနှင့် ကိုရီးယားဘက်မှ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက Video Conference ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


