နေပြည်တော် ဒီဇင်ဘာ ၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၅ ရက်မှ ၈ရက်အထိ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

 ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး- ၇ မျိုးစုံ)ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ် ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)မီတာ-၅၀၀၀ပြိုင်ပွဲ၊ (အမျိုးသား)တုတ်ထောက်ခုန်ပြိုင်ပွဲ၊ (အမျိုးသား/ အမျိုးသမီး) မီတာ-၄၀၀တန်းကျော်ပြေးပြိုင်ပွဲ၊(အမျိုးသား+အမျိုးသမီး)မီတာ(၄၀၀X၄) လက်ဆင့် ကမ်းပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ - ၈၀၀ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ - ၂၀၀ပြိုင်ပွဲ၊ (အမျိုးသမီး) အလျားခုန်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယနေ့ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် (အမျိုးသား)သံလုံးပစ်ပြိုင်ပွဲတွင် ထက်ဝေယံ(ပြည်ထဲရေး) သည် (၁၅.၀၂)မီတာဖြင့် ၂၀၀၃ခုနှစ်အောင်မိုးဝင်း(မြို့တော်/စည်ပင်)၏စံချိန်(၁၄.၀၇)မီတာထက် သာလွန် ကောင်းမွန်ပြီး စံချိန်သစ်တင်နိုင်ခဲ့သည့်အပြင် (အမျိုးသား)မီတာ၂၀၀ ပြိုင်ပွဲတွင် ထက်ရှိုင်းအောင် (စည်ပင်)၏ Hand Timing (၂၁.၂၅)စံချိန်သည် ၁၉၉၃ ခုနှစ်၊ ကျော်ထူးအောင်(ဟိုတယ်/ခရီး)၏ ဖိလစ်ပိုင် နိုင်ငံတွင်ရရှိသော Electronic Time (၂၁.၃၄)စံချိန် ထက်သာလွန်၍ လည်းကောင်း ဝန်ကြီးဌာန စံချိန်သစ်များ တင်နိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြ သူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဒီဇင်ဘာ ၈ ရက်တွင် စတုတ္ထနေ့ပြေးခုန်ပစ်ပြိုင်ပွဲပွဲစဉ်များကို နံနက်(၆)နာရီ မှစတင်၍ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်