နေပြည်တော်၊ ဇူလိုင် ၂၂
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၀၇) ရဲသီဟတပ်ခွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် က ဒုတိယ ရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး ဒုတိယ ရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုသည်။ ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ ဒုတိယ ရဲအုပ်လောင်း သူရဇော်၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဝေလင်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း သူရဇော်၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ထက်နိုင်လင်း၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ရဲရင့်နိုင်တို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အမှာစကား ပြောကြားရာတွင် သင်တန်းဆင်း ဒုတိယ ရဲအုပ်လောင်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် တာ၀န်ထမ်းဆောင် ကြရမည့် အရာရှိများဖြစ်သောကြောင့် ခေါင်းဆောင်မှု အရည်အသွေး၊ စောင့်စည်းရမည့် ကျင့်၀တ်သိက္ခာ၊ ထားရှိရမည့် ရည်မှန်းချက်များကို ကောင်းစွာသိရှိနားလည်ပြီး တိုးတက်ပြောင်းလဲနေသည့် မျက်မှောက်ခေတ်ကာလတွင် ပြည်သူများဘဝ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက် တာဝန်(၄)ရပ်ကို အလေးထားအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးရေးသည် အဓိကကျတာကြောင့် မှုခင်းကျဆင်းရေး အတွက် ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းအသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ခြင်း၊ ပြစ်မှုများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မှုများကို ထိရောက်စွာ ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်လာသည့်ပြစ်မှုများကို လုံ့လစိုက်ပြီး ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ် တရား စွဲတင်ခြင်း စသည့်လုပ်ငန်းစဉ်များအား မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာ၀န် တစ်ရပ် အဖြစ်မှတ်ယူကာ ဆက်လက်အလေးထားဆောင်ရွက်သွားရန်နှင့် ရဲတပ်ဖွဲ့နှင့်ပြည်သူ တစ်သားတည်း ဖြစ်နေစေရန်အတွက် ပြည်သူ့လိုအပ်ချက်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင် သည်များကို စေတနာနှင့်ဆောင်ရွက်ပေးပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း စိတ်အား ထက်သန်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ထုတ်ပြန်ထားတဲ့ အမိန့်နှင့် ညွှန်ကြားချက်များကို စောင့်ထိန်းလိုက်နာပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို အောင်မြင်အောင် မိမိတို့ကျရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏ဇနီး၊ ဒုတိယရဲချုပ်(၂)(လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြပြီး ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၀၇) ရဲသီဟတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား (၃၃၀)၊ အကျဉ်းဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူးအဆင့် (၁) အမျိုးသား (၁၀) ဦး၊ စုစုပေါင်း (၃၄၀) တို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)