နေပြည်တော်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ် ကျော်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်း‌ရေးဥပဒေကို ပြင်ဆင်ရသည့် အကြောင်းအရင်းကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ရဲမှူးချုပ်ကျော်လင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေကို ကိုင်တွယ် ကျင့်သုံးရာတွင် တိုးချဲ့ဖွဲ့စည်းထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံနှင့်ကိုက်ညီမှု ရှိစေရန်လည်းကောင်း၊ အသစ်ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေပါ စကားရပ်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ အုပ်ချုပ်မှုအာဏာနှင့် ပြစ်မှုကျူးလွန်သော တပ်ဖွဲ့ဝင်များချုပ်နှောင်ခွင့်၊ အကျဉ်းနည်းစစ်ဆေးခွင့် အာဏာများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးများသာမက ရဲမှူးကြီးနှင့်အထက်အဆင့်ရှိ ရဲလေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများအား အခွင့်အာဏာ ပေးနိုင်ရန်လည်းကောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်း‌ရေး ဥပဒေတွင် လိုအပ်သည့်ပုဒ်မများကို ပြင်ဆင်ဖြည့်စွက်ရခြင်း ဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေး ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုူရှိစေရန်အတွက် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည့် ပုဒ်မများအား အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်