နေပြည်တော် မေ ၃၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (သန်လျင်) ၌ အသစ်တည်ဆောက်ပြီးစီးခဲ့သော ကျောင်းသားဆောင် (သံလွင်ဆောင်) နှင့် ကျောင်းသူဆောင် (မြရည်နန္ဒာဆောင်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပင်မဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ အင်ဂျင်နီယာမှူးကြီးများ၊ ဌာနခွဲမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ကျောင်းသားဆောင် (သံလွင်ဆောင်) နှင့် ကျောင်းသူဆောင် (မြရည်နန္ဒာဆောင်) တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ကျောင်းသား/ ကျောင်းသူများ နေထိုင်မည့်အခန်းများ၊ ထမင်းစားဆောင်၊ သန့်စင်ခန်း၊ ရေချိုးခန်းများနှင့် အဆောင်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ 
ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာနေထိုင်နိုင်ရေးအတွက် အဆိုပါ ကျောင်းဆောင်သစ်များကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး (၂၁၂ ပေ x ၁၃၂ ပေ x ၄၂ ပေ) အကျယ် အဝန်းရှိသည့် (၂၄၀) ဉီးဆန့် (၃) ထပ် ဆောင်များဖြစ်သည်။ ယခင်က မြန်မာနိုင်ငံရေ ကြောင်းပညာတက္ကသိုလ်တွင် အဆောင်များမရှိခြင်းကြောင့် ကျောင်းသား/ ကျောင်းသူများ အနေဖြင့် ပြင်ပအဆောင်များတွင် နေထိုင်ခဲ့ရပြီး ကုန်ကျစရိတ် များပြားခဲ့သည်။ ယခုအခါ အဆောင်သစ်များ တည်ဆောက်ပေးနိုင်သည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အဆောင်လခ၊ စားစရိတ်၊ ခရီးစရိတ်များ သက်သာမည့်အပြင် တက္ကသိုလ်ပရဝုဏ်အတွင်း အေးချမ်းလုံခြုံစွာ နေထိုင်နိုင်တော့မည်ဖြစ်သည်။
အဆောင်တိုင်းတွင် ကျောင်းသားတစ်ဦးစီအတွက် ကုတင်၊ အဝတ်ဗီဒို၊ စာကြည့်စားပွဲ၊ ကုလားထိုင်နှင့် အခန်းတိုင်းတွင် မျက်နှာကြက်ပန်ကာများ တပ်ဆင်ပေးထားပြီး (၂၄၀) ဦးဆန့် ထမင်းစားဆောင်များ ထည့်သွင်းတည်ဆောက်ပေးထားကြောင်းနှင့် တက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည့် ဇွန် ၃ ရက်မှစတင်၍ ကျောင်းသား/ ကျောင်းသူများကို အဆောင်သစ်များတွင် စတင်နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်