မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒီရေတောများတွင် ကျက်စားနေထိုင်သည့် ထူးခြားဆန်းကြယ်သော မြွေစိမ်းမျိုးစိတ်တစ်ခုကို သိပ္ပံပညာရှင်များက တွေ့ရှိပြီးနောက် မျိုးစိတ်သစ်တစ်ခုအဖြစ် လေ့လာမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ယခုနှစ် ဒီဇင်ဘာ ၁၃ ရက်ထုတ် Zookeys ဂျာနယ်တွင် ဖော်ပြသည်။
ကင်အွန်ချမ်း၊ ရှာရူ အနူအာ၊ အနန်သာ နာရာရနန် ဆန်ခါ၊ အင်းသောင်လော၊ အင်ဆန်လော၊ ရာစု သျှီဗာရမ်၊ ချင် ခရစ္စယန်၊ ဒန်နီယယ် မူကာဟီနှင့် အနီတာမဟိုထရာတို့ ပါဝင်သည့် သုတေသီအဖွဲ့သည် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၁ ခုနှစ်များကတည်းက မြန်မာနိုင်ငံအတွင်းရှိ တောရိုင်းတိရစ္ဆာန် စစ်တမ်းများ ပြုလုပ်စဉ်အတွင်း ယင်းမြွေစိမ်း မျိုးစိတ်များကို ပထမဆုံး တွေ့ရှိခဲ့ပြီး အဆိုပါမြွေစိမ်းမျိုးစိတ်ကို ဒီရေတောများတွင် တွေ့ရှိရသည့် အဆိပ်ရှိ မြွေမျိုးစိတ်တစ်ခုအဖြစ် ကနဦး မှတ်တမ်းတင်ခဲ့သည်။
နောက်ပိုင်းတွင် အဆိုပါ မြွေများ၏ DNA ခွဲခြမ်း စိတ်ဖြာမှုအရ အခြားသော မြွေစိမ်းမျိုးစိတ်များနှင့် “ကွဲပြားသော မျိုးစိတ် များ” ဖြစ်ကြောင်းကို လေ့လာတွေ့ရှိခဲ့သည်။ ယင်းနောက် သုတေသီများက အဆိုပါ မြွေစိမ်းမျိုးစိတ် ၁၉ ကောင်ကို အသေးစိတ်လေ့လာခဲ့ရာမှ သိပ္ပံအမည် Trimeresurus ayeyarwadyensis၊ “ဧရာဝတီမြွေစိမ်း” အမည်ဖြင့် မြွေမျိုးစိတ်သစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါမြွေမျိုးစိတ်သစ်၏ အမည်ကို မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် မှီခိုအားထားရသည့် ဧရာဝတီမြစ်ကိုအစွဲပြု၍ ပေးထားခြင်းလည်းဖြစ်သည်။ ဧရာဝတီ တိုင်းဒေသကြီးအတွင်း တွေ့ရှိရသည့် အဆိုပါမြွေစိမ်းများသည် အရှည်သုံးပေကျော်အထိ ရှိနိုင်ကြောင်း လေ့လာမှုကဆိုသည်။ ၎င်းတို့တွင် ကိုယ်ထည်အစိမ်းရင့်ရောင်၊ ကျောဘက်တွင် အစိမ်းဖျော့နှင့် ဝမ်းဗိုက်ဖြူဝါရောင်ရှိသည့် အသွေးအရောင်နှင့် အစိမ်းရင့်ရောင် အကွက်များပါရှိသည်။ ၎င်းတို့၏ မျက်လုံးအရောင်တွင်မူ အနီရောင်နှင့် ရွှေရောင်အမျိုးမျိုးရှိသည်ကို သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ အဆိုပါမြွေစိမ်းမျိုးစိတ်သစ်ကို ကမ်းရိုးတန်းဒေသနှစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဒီရေတောနှင့် သစ်တောများအတွင်း တွေ့ရှိခဲ့ကြောင်း လေ့လာ သိရှိရသည်။
ကိုးကား
“Cryptic” 3-foot-long creature found in mangroves of Myanmar. It’s a new species