နေပြည်တော်  ၂၄  ဩဂုတ်

မြန်မာနိုင်ငံရှိ မီဒီယာနှင့် ရွေးကောက်ပွဲများ ခေါင်းစဉ်ဖြင့် အဋ္ဌမအကြိမ် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Parkroyal ဟိုတယ်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊  ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် ကောင်စီဝင်များ၊ UNESCO , IMS Fogo, Internews , JICA , MYPOL, DW Akademie, BBC Media Action နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး Zoom ဗွီဒီယို ကွန်ဖရင့်ဖြင့်  နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ယူနက်စကိုနှင့် NGO/INGO တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

 

 _HNN2063

 

အခမ်းအနားတွင် ယူနက်စကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဌာနမှ Assistant Director General, Mr.Moez Chakchouk က လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် မဲပေးခွင့် တစ်ခုတည်းတင် မဟုတ်ပါကြောင်း၊ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရာတွင် ရွေးကောက်ပွဲ၌ အများပြည်သူ ပါဝင်ခွင့်၊ သတင်းအချက်အလက် ရရှိခွင့်၊ ရရှိသော သတင်းအချက်အလက်များ အပေါ်တွင် ပြည်သူများအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရရှိရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ပါဝင်ဆွေးနွေးခွင့်လည်း ရရှိရန်လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာတွင် စံ ၅ ချက်နှင့်အညီ ကျင်းပသွားမည်ဟု ကတိပေးထားပြီး လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှုနှင့် ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ကျရေးဆိုသည့် အချက် ၅ ချက် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲသည် အရေးကြီးသည့် ကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ထို့အတူ ရွေးကောက်ပွဲဆိုင်ရာ အသိပညာများကို ပြည်သူများ သိရှိနားလည်မှသာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း။

 

_HNN2059.

 

ထို့ကြောင့်  ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ၊ မဲဆန္ဒရှင်များ လိုက်နာရမည့် အချက်များ၊ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများ လိုက်နာရမည့် စည်းကမ်းများကို ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို တင်ပြလျက်ရှိပါကြောင်း၊ ထို့အတူ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်း၍ သတင်းထုတ်ပြန်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ဆောင်ရွက်နေပါကြောင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် ပူးပေါင်း၍ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အသိပညာပေး သီချင်းများ၊ ဇာတ်လမ်းတိုများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ မဲဆွယ် စည်းရုံးရေးကာလ နီးကပ်လာ ပြီ ဖြစ်သည့်အတွက် အမုန်းစကားများ၊ သတင်းတုများ၊ သတင်းမှားများကြောင့် ပဋိပက္ခများ မဖြစ်ပေါ်စေရန် သတင်းမီဒီယာကောင်စီနှင့် ဖေ့စ်ဘွတ်အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

 

 _HNN2217

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မီဒီယာဖွံ့ဖြိုးတိုးတက်မှု ညီလာခံများ ကျင်းပခဲ့သည်မှာ ၈ ကြိမ်ရှိခဲ့ပြီး မီဒီယာဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် ခေါင်းစဉ်များစွာကို ဆွေးနွေး ခဲ့ပါကြောင်း၊ ၈ နှစ်တာကာလအတွင်း မြန်မာ့မီဒီယာလောကသည် အစဉ်တစိုက် ဖွံ့ဖြိုးတိုး တက်ခဲ့သည်ဟု မိမိအနေဖြင့် ထင်မြင်ပါကြောင်း၊ ဆွေးနွေးပွဲများ၊ သင်တန်းများ များစွာပေါ်ပေါက်ခဲ့ပြီး သတင်းမီဒီယာ ဥပဒေရေးဆွဲရာတွင်လည်း မီဒီယာသမားများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့် ရလာခဲ့ပါကြောင်း။

 

 _HNN2130.JP

 

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားရာ၌ ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် မီဒီယာဆိုင်ရာ နည်းပညာ ပြောင်းလဲတိုးတက်မှုများ အကြောင်းကိုလည်း အလေးအနက်ထား ဆွေးနွေးသင့်ပါကြောင်း၊ ကမ္ဘာတွင် မီဒီယာနှင့်ဆိုင်သည့် နည်းပညာအသစ်များကို မိမိတို့အနေဖြင့် ပြောင်းလဲသုံးစွဲကာ မီဒီယာ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သင့်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်မီဒီယာအသစ်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးလေးနက်နက် ဆွေးနွေးဆောင်ရွက် ကြစေလိုပါကြောင်း။

 

မိမိတို့၏ မျှတ၍ ဘက်မလိုက်သည့် သတင်းဖော်ပြမှုများ၊ သတင်းမီဒီယာအဖွဲ့ အစည်းအသီးသီး၏ ပိုမိုပြည့်စုံသည့် ရှုထောင့်အသီးသီးမှ ဖော်ပြမှုများနှင့် ပေါင်းစပ်သည့်အခါ အများပြည်သူသည် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံ ရရှိသွားမည်ဖြစ်ပါကြောင်း၊ အမုန်းစကား ဖြန့်ဝေခြင်း၊ တစ်စုံတစ်ယောက်အား ဝေဖန်တိုက်ခိုက်ခြင်းများ မပေါ်ပေါက်စေရန် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

 _HNN2258

 

ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီ ဦးအုန်းကြိုင်)က မြန်မာမီဒီယာလောကဖွံ့ဖြိုးရေးအတွက်  ပြန်ကြားရေးဝန်ကြီးဌာနနှင့် မိမိတို့  သတင်းမီဒီယာ သမားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  များစွာအောင်မြင် တိုးတက်လာပါ ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့် နိုင်ငံတစ်ခုဖြစ်ပြီး အချုပ်အခြာအာဏာသည်  ပြည်သူ့ထံမှ ဆင်းသက်လာပါကြောင်း၊

 

လာမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့သည် ကြိုတင်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်လျက် ရှိပါကြောင်း   ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ဂျွန်နေလ်ဆင် က  လာမည့် ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် မတူညီသည်များ ရှိနိုင်ပါကြောင်း၊ လာမည့်ရွေးကောက်ပွဲသည် ကိုဗစ်ကာလ ဖြစ်နေပါကြောင်း၊ ထို့ပြင် မြန်မာ နိုင်ငံတွင် ဖေ့စ်ဘွတ် သုံးစွဲမှု များပြားနေသည်ကိုလည်း တွေ့ရပါကြောင်း၊ ထိုအချက်များကို ရွေးကောက်ပွဲနှင့် ပတ်သက်၍ စဉ်းစားရာတွင် ထည့်သွင်း စဉ်းစားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

 _HNN2425

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရွေးကောက်ပွဲတွင် မီဒီယာ၏ အခန်းကဏ္ဍ  - ၂၀၁၀ ၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲများမှ နှိုင်းယှဉ်ချက်နှင့် ရရှိခဲ့သော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် မျက်နှာစုံညီဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ AFP သတင်းဌာနမှ နိုင်ငံခြားသတင်းထောက် ဒေါ်လှလှဌေးက  ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ မြန်မာ နိုင်ငံသတင်း မီဒီယာကောင်စီ အဖွဲ့ဝင် ဒေါ်အိအိတင်၊ Zoom ဗွီဒီယိုကွန်ဖရင့်ဖြင့် ယူနက်စကိုရုံးချုပ် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်ဌာနမှ Program Specialist Mr. Andrea Cairola နှင့် လွတ်လပ်သော ရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL)မှ စီမံကိန်း အရာရှိ Mr.John Reiner Antiquerra တို့က ပါဝင်ဆွေးနွေးကြသည်။

 

ဆွေးနွေးပွဲအပြီးတွင် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များနှင့် စပ်လျဉ်း၍ အွန်လိုင်းမှ မေးမြန်းထားသည့် မေးခွန်းများကို မျက်နှာစုံညီဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများက ရှင်းလင်း ဖြေကြားကြသည်။

 

အဋ္ဌမအကြိမ် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ဩဂုတ် ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲများနှင့် သတင်းထောက်များ၏ ဘေးကင်းလုံခြုံရေး၊ ရွေးကောက်ပွဲကာလများအတွင်း ကျင့်ဝတ်ဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများနှင့် စည်းစောင့်မှု၊ ဆိုရှယ်မီဒီယာခေတ်အတွင်းမှ ရွေးကောက်ပွဲများ၊ တိုင်းရင်းသားဒေသ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းခဲ့မှုများဟူသည့် ခေါင်းစဉ်များကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

 _HNN2220.JP