ရန်ကုန် ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) သို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ရုပ်ရှင်ပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း (၂၈၁) အုပ် ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အဆိုပါတက္ကသိုလ် စာကြည့်တိုက်၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံ တက်ရောက်လက်ခံသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက လှူဒါန်းခဲ့သည့် စာအုပ်များသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) စာကြည့်တိုက်တွင် အထူးစာစု (Special Collection) အဖြစ် စုဆောင်းထိန်းသိမ်းထားရှိမည်ဖြစ်ပြီး ရုပ်ရှင်နှင့်ပြဇာတ် ပညာရပ်ကို တက်ရောက်သင်ကြားလျက် ရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးများသော စာအုပ်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါစာအုပ်များသည် သင်ကြားရေးကို အထောက်အကူပြုခြင်းသာမက စာတမ်းများ ပြုစုရာတွင် အထောက်အကူရရှိခြင်း၊ ပညာဗဟုသုတ လေ့လာဆည်းပူးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိမည်ဖြစ်ပါကြောင်း မုဒိတာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက စာအုပ်လှူဒါန်းခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာအုပ်များပေးအပ် လှူဒါန်းရာ ဒုတိယဝန်ကြီးနှင့် ပါမောက္ခချုပ်တို့ကလက်ခံပြီး ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည် စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာကြသည်။
ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်နှင့်ပတ်သက်သော စာအုပ်များဖြစ်သော motion picture ဆိုင်ရာ (၇၃) အုပ်၊ Directing ပညာရပ်ဆိုင်ရာ (၆) အုပ်၊ Editing ဆိုင်ရာ (၃) အုပ်၊ Script writing ဆိုင်ရာ (၂) အုပ်၊ production ဆိုင်ရာ (၂) အုပ်၊ photography ဆိုင်ရာ (၁၆) အုပ်၊ Biography ဆိုင်ရာ (၅၈) အုပ်၊ Encyclopedia နှင့် Dictionary (၃) အုပ်၊ Film music (၁၁) အုပ်၊ Techniques (၄၄) အုပ်၊ Theatre (၂) အုပ်၊ shooting (၁) အုပ်၊ Censor (၁) အုပ်၊ Novel (၃၀) အုပ်၊ History (၂) အုပ်၊ General (၂၇) အုပ်၊ စုစုပေါင်း (၂၈၁) အုပ်ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်