(၁၉-၈-၂၀၂၀ ရက်၊ ဒါကာ)


မြန်မာသံရုံး၊ ဒါကာမြို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေလ မှ ဇူလိုင်လအတွင်း ဒါကာမှ ရန်ကုန်သို့ အထူးလေယာဉ်ခရီးစဉ် သုံးကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား တက္ကသိုလ်ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်တကောင်း ဆိပ်ကမ်းတွင် သောင်တင်နေသည့် မြန်မာသင်္ဘောသားများကို ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။

ဤအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဆိပ်ကမ်းသို့ မြန်မာသင်္ဘောသား (၃) ဦး ထပ်မံရောက်ရှိလာပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ဖြစ်ပေါ်နေခြင်းအား အကူအညီတောင်းခံ လာပါသဖြင့် မြန်မာသံရုံး၊ ရီယာဒ်မြို့က စီစဉ်ဆောင်ရွက်လျက်ရှိသည့် ၂၀-၈-၂၀၂၀ ရက်နေ့ ဆဌမမြောက် ကယ်ဆယ်ရေး လေယာဉ်၏ ရန်ကုန်-ဒူဘိုင်း-မတ်စကပ်-ရန်ကုန် ပြေးဆွဲမည့်ခရီးစဉ်တွင် အဆိုပါ မြန်မာသင်္ဘောသား (၃) ဦး လိုက်ပါနိုင်ရေးအတွက် ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။

 

မြန်မာသံရုံး၊ ဒါကာမြို့အနေဖြင့် အဆိုပါသင်္ဘောသားများ စစ်တကောင်းမှ ဒါကာသို့ အချိန်မီ ရောက်ရှိစေရေး ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ ၁၉-၈-၂၀၂၀ ရက်နေ့တွင် ဒါကာမြို့မှ ဒူဘိုင်းသို့ BIMAN လေကြောင်း လိုင်းဖြင့် ထွက်ခွာသည့်အခါ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ လိုက်ပါပို့ဆောင်၍ လေဆိပ်တွင် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ပါသည်။

 

အဆိုပါ မြန်မာသင်္ဘောသားများသည် ဒါကာမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒေသစံတော်ချိန် (၂၀၁၀) နာရီတွင် ထွက်ခွာသွားခဲ့ပြီး၊ ၂၀-၈-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၁၀၀၀) နာရီတွင် ဒူဘိုင်းမှ မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာကြမည် ဖြစ်ပါသည်။

 

Crd>Ministry of Foreign Affairs Myanmar