နေပြည်တော်၊ အောက်တိုဘာ ၁၉

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် Digital Payment Switch (MyanmarPay) ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လမ်းညွှန် ဆုံးဖြတ်ပေးရမည့် အချက်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌဒေါ်သန်းသန်း‌ဆွေနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ နည်းပညာ ကျွမ်းကျင်သူများနှင့် PayPlus Co., Ltd မှ အကြီးတန်း စီမံခန့်ခွဲသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက အမျိုးသားငွေပေးချေမှုစနစ် မဟာဗျူဟာ (National Payment System Strategy 2020-2025) အရ ဒီဂျစ်တယ်ငွေပေးချေမှု စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုဘိုင်းငွေပေးချေမှုစနစ်များအားလုံး အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်သည့် Digital Payment Switch (MyanmarPay) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန်လိုအပ်ကြောင်း၊ အဆိုပါစနစ် အကောင်အထည်ဖော်ပြီးစီးပါက ငွေပေးချေမှုများအား လုံခြုံစိတ်ချလျှင်မြန်စွာ ဆောင်ရွက်နိုင်ပြီး ငွေပေးချေမှုစနစ်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အပြင် ငွေသားကိုင်တွယ်မှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဖြေရှင်းရမည့်အချက်အလက်များကို တင်ပြရန် ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ နည်းပညာ ကျွမ်းကျင်သူများနှင့် PayPlus Co.Ltd တို့မှ တာဝန်ရှိသူများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍  လိုအပ်သည်များ ဆွေးနွေးအကြံပြုခဲ့သည်။ 

 

သတင်းစဉ်