နေပြည်တော်၊ အောက်တိုဘာ  ၂၀

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက AD လိုင်စင်ရဘဏ်များသို့ Online Trading အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းညှိနှိုင်းဆွေးနွေးသည့် အစီအစဉ် ယနေ့ နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ Online Trading အစီအစဉ် ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်း၊ လက်ရှိဆောင်ရွက်နေသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ရှင်းလင်းရာတွင် Online Trading အစီအစဉ်ကို အကောင်အထည်ဖော်ရခြင်းနှင့်ပတ်သက်၍ Online Trading မဆောင်ရွက်မီကာလက ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များ၊ ချေးငွေ အရင်း၊ အတိုးပေးဆပ်လိုသူများ၊ အကြောင်းအမျိုးမျိုးနှင့် ငွေလွှဲပေးပို့လိုသူများအနေဖြင့် ဘဏ်များမှတစ်ဆင့် ဝယ်လို၊ ရောင်းလိုကြောင်းတင်ပြ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ပွဲစားများဖြင့်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း စုံစမ်းညှိနှိုင်းပြီး မိမိတို့စိတ်ကြိုက် ငွေလဲလှယ်နှုန်းကို သတ်မှတ်ရောင်းချခဲ့ကြောင်း၊  ဈေးကွက်၏ အမှန်တကယ်ဝယ်လိုအား၊ ရောင်းလိုအား ပမာဏကို စိစစ်သုံးသပ်ခြင်းမရှိဘဲ ရောင်းဝယ် ခဲ့ကြောင်း။

 

 Macroeconomics Data အချက်အလက်များ၊ Trading partner နိုင်ငံများ၏ ငွေလဲလှယ်နှုန်းများ၊ ပြည်တွင်းငွေကြေး ပြောင်းလဲမှုအချက်များအပေါ် အခြေခံ၍ ဈေးကွက် ကျွမ်းကျင်ပညာရှင်မှ ခန့်မှန်းတွက်ချက်ခြင်းမဟုတ်ဘဲ တရားမဝင် ငွေကြေးဈေးကွက်၏ ငွေလဲလှယ်နှုန်းများဖြင့် ရောင်းဝယ်ခဲ့ကြခြင်းကြောင့် အကျိုးဆက်များအနေဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်စေ‌ခြင်း၊ နိုင်ငံခြားငွေကြေးဈေးကွက်ကို ပျက်ပြားစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းငွေကြေးဈေးကွက်ကို ယုံကြည်မှု လျော့နည်းစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ငွေကြေးဈေးကွက်အတွင်းရှိ ဝယ်လိုအား၊ ရောင်းလိုအားနှင့် အမှန်တကယ် ရောင်းချနိုင်သည့် နေ့စဉ်ပမာဏကို မလိုအပ်ဘဲ ပြည်ပသို့ ငွေသားစီးဆင်းမှုမရှိစေရန်၊ အမှန်တကယ်ငွေပေးချေရန် လိုအပ်သူများက ဈေးကွက်အတွင်း မျှမျှတတသုံးစွဲနိုင်စေရန်၊ တစ်ဦးတစ်ယောက်၊ ကုမ္ပဏီတစ်ခုတို့မှ ဈေးကွက်ဝေစုအများစုကိုရယူပြီး ပြည်ပသို့ လွှဲပြောင်းနေခြင်းများကို မျှမျှတတဖြစ်စေရန်၊ ပို့ကုန်သွင်းကုန်လိုင်စင်၊ ပို့ကုန်သွင်းကုန် ကြေညာလွှာများ မှန်ကန်မှု ရှိ/မရှိ ဘဏ်များမှ စိစစ်နေသော်လည်း လွန်ခဲ့သောနှစ်နှစ်ခန့်က သွင်းကုန်ကြေညာလွှာများကို ငွေပြန်လည်လွှဲ ပြောင်းနေသည့်ကိစ္စရပ်များ မဖြစ်သင့်၍လည်းကောင်း၊ သွင်းကုန်တင်သွင်း သူများအနေဖြင့် အထူးသဖြင့် MIC - FDI ကုမ္ပဏီများ ငွေဝယ်ယူလွှဲပြောင်းရာတွင် တရားဝင်ရောင်းဝယ်သည့် Platform များပေါ်ပေါက်လာစေရန် ဖြစ်သင့်သည့် ငွေလဲလှယ်နှုန်းကို ဘဏ်များ၊ ဈေးကွက်တွင် ပါဝင်ဆောင်ရွက်သူများမှ ပိုမိုထိန်းကျောင်းနိုင်ရန် ရည်ရွယ်ကြောင်း။

 

ထို့ပြင် ဘဏ်များအနေဖြင့် Online Trading ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အချက်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ မူဝါဒများ ပိုမိုရှင်းလင်းစွာ နားလည်ပြီး စည်းမျဉ်းများ လိုက်နာစေရန်ဖြစ်ကြောင်း၊ ယခုအခါ ဘဏ်များက သတ်မှတ်ချက်များနှင့် မူဝါဒများကို ပိုမိုနားလည်ပြီးဖြစ်၍ ရှေ့ဆက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့ဘဏ်မှ ကိုယ်တိုင်ဆောင်ရွက်ခြင်း သို့မဟုတ် မြန်မာနိုင်ငံ ဘဏ်များအသင်းမှ ရွေးချယ်ထားသည့် အဖွဲ့ဖြင့် ဆောင်ရွက်ပြီး ဗဟိုဘဏ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ စောင့်ကြည့်ကြီးကြပ်၍ နေ့စဉ်လိုအပ်သည့် နိုင်ငံခြားငွေပံ့ပိုးပေးခြင်းတို့ကို ဝင်ရောက်ဆောင်ရွက်မည် ဖြစ်သည့်အပြင် ဗဟိုဘဏ်အနေဖြင့် ငွေကြေးလွယ်ကူမှုကို ပံ့ပိုးပေးရန် SWAP facility များကိုလည်း ဘဏ်များမှတစ်ဆင့် တောင်းဆိုပါက ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ဘဏ်များ Online Trading အစီအစဉ်ကို ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့်သာ မျှတသောရောင်းဝယ်မှုဖြစ်စေရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပထမ အဆင့်တွင် အဖွဲ့တစ်ခုကို ဘဏ်များ၊ ဗဟိုဘဏ်နှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး ဝယ်ဈေးနှုန်း၊ ရောင်းဈေးနှုန်းများကို စနစ်တကျကြီးကြပ်ရန် ဝိုင်းဝန်းဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုတ်သိမ်းခဲ့သည်။

 

သတင်းစဉ်