မြန်မာနိုင်ငံတွင် လက်ရှိကျရောက်လျက်ရှိသော နှံကောင် သိပ္ပံအမည် Aularches miliaris (Linnaeus, 1758) ဟုခေါ်တွင်သော အဝါစက်ပြောက်နှံကောင် (သို့) ကော်ဖီနှံကောင်သည် အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံများတွင် ကျရောက်လျက်ရှိသော ကန္တာရကျိုင်းကောင် အမျိုးအစားမဟုတ်ပါ။ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ (သဖန်းဆိပ်ကျေးရွာ)၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် (မော်ရုံကျေးရွာ) နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် (ဝက်ရုပ်ကျေးရွာ) တို့တွင် ကျရောက်လျက်ရှိပါသည်။
လက်ရှိအခြေအနေတွင် ၂၀၂၀ ပြည့်နှစ် မေလအတွင်း သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင်လည်း ကျရောက်လျက်ရှိပါသည်။ ပုံမုန်ရာသီဥတုအခြေအနေများတွင် တစ်ဟုန်တိုး ပွားများကျရောက်ခြင်း (Outbreak) ဖြစ်ပွားနိုင်ခြင်းမရှိသော ဖျက်ပိုးအမျိုးအစား ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် (၁၉၉၄) ခုနှစ်၌ ကျရောက်ခဲ့ကြောင်း တွေ့ရှိရသည်။
အုန်းပင်၊ ကျွန်းပင်တို့တွင် အဓိကကျရောက်လေ့ရှိသော်လည်း ရာသီဥတုပြောင်းလဲလာပြီး အစာရေစာရှားပါးချိန်တွင် သရက်၊ ကွမ်းသီးပင်၊ ကော်ဖီ၊ မာလကာ၊ စပါး၊ ပဲစဉ်းငုံ၊ ကြံ၊ ငရုတ်၊ ဂုန်လျှော်၊ ရာဘာ၊ ကြက်ဆူ၊ ဒူးရင်း၊ ပြောင်း၊ ဝါ၊ ပီလောပီနံ၊ နှံစားပြောင်း၊ ထန်းပင်နှင့် အခြားသီးနှံများတွင်လည်း ကျရောက်တတ်သည်။ အရွက်၊ အဖူး၊ အညွှန့်၊ အသီးများအပင်၏ ကြီးထွားသည့် အစိတ်အပိုင်းများအားလုံး စားသောက်ဖျက်ဆီးသည်။ သက်တမ်း (၁၃-၁၅) လခန့် ကြာမြင့်တတ်သည်။
လူများပြုပြင်ပြောင်းလဲထားသော နေထိုင်မှုပုံစံ (သစ်ပင်များခုတ်လှဲ၍ ၎င်းနေရာတွင် လူနေအိမ်များ ဆောက်လုပ်ခြင်း)၊ သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု ပြောင်းလဲလာခြင်းတို့သည် နှံကောင်များ၏ နေထိုင်မှုအား ပြောင်းလဲလာစေပါသည်။ ကော်ဖီနှံကောင် အမျိုးအစားများသည် ကာလတိုအခိုက်အတန့်သာ ကျရောက်တတ်ပြီး ကျရောက်ပြီး (၁)လခန့်အကြာတွင် ပျောက်ကွယ်သွားလေ့ရှိပါသည်။ သို့ဖြစ်ပါ၍ မလိုအပ်ဘဲ ပိုးသတ်ဆေး မပတ်ဖျန်းသင့်ပါ။
မြန်မာနိုင်ငံတွင် လက်တစ်လော ကော်ဖီနှံကောင်ကျရောက်မှုအပေါ်တွင် ပြည်သူများ စိုးရိမ်နေကြသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျရောက်နေမှုအခြေအနေများ၊ ယင်းဖျက်ပိုး နှိမ်နင်းနည်းများနှင့် စောင့်ကြည့်ရမည့် အချက်များအား သိရှိနိုင်ရန်နှင့် ကျရောက်လာသည့် ဖျက်ပိုးအမျိုးအစားများအလိုက် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနများသို့ အသိပေးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


