မန္တလေး  ၈   ဇွန်

“မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းဆေးပညာပါမောက္ခကြီးများအား ဂုဏ်ထူးဆောင် ပါမောက္ခ (Professor Emeritus)များ အဖြစ်ခန့်အပ်တာဝန်ပေးမည့်သူများအား ခန့်အပ်လွှာပေးအပ်ပွဲ”ကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် တိုင်းရင်း ဆေးပညာရပ်များ အခြေခံခိုင်မြဲကောင်းမွန်စွာဖြင့် ပိုမိုတိုးတက်ကောင်းမွန်စေရန်နှင့် အရည်သွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် တို့အတွက် တိုင်းရင်းဆေးတက္ကသိုလ်၏ သင်ကြားရေး၊ ကုသရေး၊ သုတေသန၊ စီမံခန့်ခွဲ ရေးကဏ္ဍတွင် ကြိုးပမ်းပါဝင်ဆောင်ရွက်ပေးခဲ့သည့် အငြိမ်းစား ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ကထိကများ၊ တိုင်းရင်းဆေးပညာရှင်ကြီးများကို Professor Emeritus များ၊ Honorary Professor များနှင့် Visiting Lecturer များအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည့် ယနေ့အခမ်းအနားသည် တိုင်းရင်းဆေးလောကအတွက် ဂုဏ်ယူဖွယ်ရာပင် ဖြစ်ပါကြောင်း။

တိုင်းရင်းဆေးပညာရပ်သင်ကြားမှုများ ပိုမိုထိရောက်အောင်မြင်ကာ အရည်အသွေး ပြည့်ဝမြင့်မားသည့် တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်နိုင်ရန်အတွက် အတွေအကြုံ မြင့်မားသည့် အဆိုပါတိုင်းရင်းဆေးပညာရှင်ကြီးများထံမှ အကြံပြုချက်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊Professor Emeritus များ၊ Honorary Professor များနှင့် Visiting Lecturer များ အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် တိုင်းရင်းဆေးပညာရှင်ကြီးများအနေဖြင့်လည်း အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးများ ထုတ်လုပ်မှုကိစ္စရပ်များအပြင် တက္ကသိုလ်၏ သင်ကြားသင်ယူမှု၊သင်ရိုးညွှန်းတမ်း၊ သုတေသန၊ အထောက်အကူပြုသော ပတ်ဝန်းကျင်၊ ဆရာ၊ ဆရာမများ၏စွမ်းဆောင်ရည်၊ စာသင်ခန်းနှင့်ပစ္စည်းကိရိယာ၊ စာကြည့်တိုက်၊ စာအုပ်စာတမ်းစသည်ဖြင့် ဘက်စုံ ပိုမို တိုးတက်ကောင်းမွန်ရေးကိစ္စရပ်များကို တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေး တက္ကသိုလ်တို့မှ တာဝန်ရှိသော ဆရာ/ဆရာမများနှင့် အလုပ်သဘော သာမက အလွတ်သဘော ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုများပြုလုပ်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာဘွဲ့ရရှိသူများအနေဖြင် ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍတွင်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ ကိုလည်း ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှစ်ပေါင်းရာထောင်ချီ သုံးစွဲလာကြသည့် တိုင်းရင်းဆေးဝါးများ၏ ဆေးစွမ်းထက်ကုသနိုင်မှုစွမ်းရည်ကိုသာမက ဘေးအန္တရာယ်ကင်းရှင်းမှု၊အရည်အသွေးပြည့်ဝမှုဆိုင်ရာများကို သုတေသနများ ဆောင်ရွက်သွားခြင်းဖြင့် ပြည်သူများမှ ပိုမိုယုံကြည်သုံးစွဲလာခြင်းသာမက နိုင်ငံတကာ အဆင့်မီတိုင်းရင်းဆေးဝါများထုတ်လုပ်နိုင်သဖြင့် တိုင်းရင်းဆေးကဏ္ဍကြီး တစ်ခုလုံးအတွက် များစွာ အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊

တိုင်းရင်းဆေးရုံများမှ ဆေးရုံအုပ်များအတွက် ယခင်ကပြုလုပ်ခြင်းမရှိသေးသည့် ဆေးရုံစီမံခန့်ခွဲမှုသင်တန်းများကိုလည်း မကြာမီ ပြုလုပ်တော့မည် ဖြစ်ပြီးတိုင်းရင်းဆေး ပညာဘွဲ့ရရှိသူများ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ သင်တန်း တက်ရောက်သင်ကြား နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာပါရဂူဘွဲ့ သင်တန်းများ ပေးအပ်နိုင်ရေးအတွက်ကိုလည်း ဝိုင်းဝန်းအကြံ ပြုဆောင်ရွက်ကြစေလိုပါကြောင်း။

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခများ၊ Professor Emeritus များ၊ ပညာရှင်ကြီးများအနေဖြင့် မိမိတို့၏ တိုင်းရင်းဆေးပညာရပ်ကြီး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်နှင့် ဉီးတည်ချက်များချမှတ်ကာ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဦးစားပေးအလိုက် အကြံပြုချက်များပေးအပ်စေ လိုပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက Professor Emeritus (၃) ဦး၊ Honorary Professor (၃)ဦးနှင့် Visiting Lecturer (၂)ဦးတို့အား ခန့်အပ်လွှာများပေးအပ်သည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက တိုင်းရင်းဆေးတက္ကသိုလ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် Professor Emeritus များ၊ Honorary Professor များနှင့် Visiting Lecturer များအဖြစ် ခန့်အပ်ခံရသူများကိုယ်စား Professor Emeritus ပါမောက္ခဦးအောင်ကျော်မင်းက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး) သို့သွားရောက်ခဲ့ပြီး စက်ရုံလည်ပတ်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)မှ စက်ရုံမှူးနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာ၌ တိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)မှ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တစ်ချက်ချင်းအလိုက် အသေးစိတ် ဆွေးနွေးကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)